October 23, 2024

၂၀. ၁၂. ၂၀၂၂

Written by Thettant

နေပြည်တော်တွင် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အင်အားပြင်းငလျင်မဟုတ်သော်လည်း မြေအောက် ၃ မိုင်ခန့်မှ ကပ်လှုပ်သဖြင့် ငလျင်​လှုပ်မှုပြင်းထန်စွာ ခံစားခဲ့ရသည်ဟု သိရသည်။

အဆိုပါ မြေငလျင်မှာ ဒီဇင်ဘာ ၂၀၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၁ မိနစ် ၁၉ စက္ကန့်အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် ၁၅ မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရိမြို့၏ မြောက်- အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၅ ဒီဂရီ၊ အနက် ၅ ကီလိုမီတာ(၃ ဒသမ ၁၀၇ မိုင်)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

“ငလျင်က နှစ်ချက်တောင် ဆောင့်လှုပ်သွားတာ။ ပထမတစ်ချက်မှာ သတိမထားမိလိုက်ပေမဲ့ ဒုတိယတစ်ချက်မှာ အိမ်တွေပါ ခါထွက်သွားတယ်” နေပြည်တော်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးတွင် ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ငလျင် ခုနစ်ကြိမ်လှုပ်ခတ်ခဲ့ကာ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် လှုပ်ခတ်သည့် ငလျင်များကြောင့် မန္တလေးနှင့် မင်းကွန်းရှိ ဘုရားစေတီများတွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့ပြီး သိန်းရာချီ ပျက်စီးမှုများကြုံခဲ့ရသည်။ လက်ရှိတွင် နေပြည်တော်သို့ ပြောင်းရွှေ့လုပ်ခတ်လာပြီး ထိုသို့ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုမှာ ငလျင်ကြီးများ လှုပ်ခတ်နိုင်၍ ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် ပမာဏကြီးမားသည့် ငလျင်ကြောများစွာရှိပြီး ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နမ့်မပြတ်ရွေ့များနှင့် စစ်ကိုင်းပြတ်ရွေ့များမှာ စိုးရိမ်စရာကောင်းပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ပူတာအိုမှ စစ်ကိုင်း ၊ မန္တလေး ၊ တောင်ငူ ၊ ပျဉ်းမနား၊ ပဲခူး ၊ ရန်ကုန် စသည့်မြို့များ အနီးမှ ဖြတ်သန်းကာ သုံးခွမြို့နယ်ထဲမှ အက်ဒမန်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသော ကီလိုမီတာ ၁၂၀၀ ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်တွင် ငလျင်ကြီးများ လှုပ်ခတ်လေ့ရှိကြောင်း သမိုင်းမှတ်တမ်းများ အရသိရကာ လက်ရှိအချိန်သည် စစ်ကိုင်းပြတ်ရွေ့လှုပ်ခတ်လေ့ရှိသည့်ကာလအနီးဖြစ်သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *