၂၄. ၅. ၂၀၂၄
Written by Nay Moe
ရဲအရာခံတစ်ဦးကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာပလဖ)က မုံရွာမြို့ပေါ်အထိတက်ပြီး ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။
မုံရွာပလဖအဖွဲ့ဟာ မုံရွာခရိုင် မှူခင်းဌာနက တွဲဘက်တာဝန်နဲ့ အသွင်ယူတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာခံဝင်းနိုင်ကို မေလ ၁၉ ရက်မှာ မုံရွာမြို့ပေါ်အထိ တက်ပြီးဖမ်းဆီးလာခဲ့တာပါ။
ရဲအရာခံတစ်ဦးကို မုံရွာပလဖအဖွဲ့က မုံရွာမြို့ပေါ်အထိတက်ပြီး ဖမ်းဆီးမှုကို မုံရွာပလဖအဖွဲ့ဒုတာဝန်ခံ သီဟနဲ့ ရပ်ကျေးပလဖ ဒုတာဝန်ခံတို့က ဖမ်းဆီးပြီး သူတို့ရဲ့အောင်မြင်တဲ့ ဒီစစ်မှုကိုထုတ်ပြန်ရာမှာလည်း လုံခြုံရေးတပ်ဖွဲ့ကို လှောင်ပြောင်တဲ့သဘော “မုံရွာမြို့နယ် ပလဖတွေ လက်နက်ကိုင်ပြီးရမ်းကားကြပြီ” ခေါင်းစဥ်နဲ့ ထုတ်ပြန်ခဲ့တာပါ။
ဒီလိုမျိုး လှောင်ပြောင်ထားတဲ့ထုတ်ပြန်ချက်မှာ ရဲအရာခံဝင်းနိုင်ဆိုသူကို မျက်လုံးပိတ်ဒူးထောက်ထိုင်ခိုင်းထားပြီး ရဲအရာခံဝင်းနိုင် တာဝန်ထမ်းဆောင်ချိန်လုပ်ဆောင်ခဲ့မှုတွေနဲ့ ငွေညှစ်တယ်ဆိုတဲ့စာတွေကို စစ်ဆေးချက်သဖွယ်ရောပြီး ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်စာမှာဆို ရဲအရာခံဝင်းနိုင်ဟာ မုံရွာပင်မသပိတ်ခေါင်းဆောင် ဝေမိုးနိုင်ဖမ်းဆီးခံရမှုမှာ အဓိကလက်ထောက်ချသတင်းပေးခဲ့သူ၊ ငွေကြေးချမ်းသာသူတွေ ပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်တောင်းခံနေသူ၊ နောက်ထပ်ငွေကြေးချမ်းသာသူတွေ ပစ်မှတ်ထားနေတာကြောင့် မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံသီဟနဲ့ ရပ်ကျေးပလဖ ဒုတာဝန်ခံတို့က မုံရွာမြို့ထဲထိ လက်နက်ကိုင်ရမ်းကားပြီးဖမ်းဆီးအရေးယူလိုက်ပြီ”လို့ လှောင်ပြောင်ထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။
မုံရွာပလဖရဲ့ လှောင်ပြောင်ထုတ်ပြန်မှု၊ ငွေညှစ်တယ်ဆိုတဲ့စွပ်စွဲမှုတွေက အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ MT News သတင်းဌာနအနေနဲ့ အတည်မပြုနိုင်ဘဲ လူတစ်ယောက်ကိုဖမ်းဆီးပြီး ထုတ်ပြန်စာထုတ်တဲ့မုံရွာပလဖ ထုတ်ပြန်ချက်ကိုသာ ပြန်လည်ဖော်ပြချင်းသာဖြစ်ပါတယ်။