၂၄. ၅. ၂၀၂၄
Written by Thettant
ဘောလုံးပညာနှင့် အတန်းပညာအခမဲ့သင်ကြားပေးမည့် FIFA-MFF TDS Scouting Program ပဏာမအဆင့် ရွေးချယ်ရေး အစီအစဉ်များအား လူငယ်ဘောလုံး ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတနှင့် ရွေးချယ်ရေးအဖွဲ့များသည် မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ်နှင့် ရန်ကုန်မြို့များတွင် မေလ ၄ ရက်မှ စတင်ခဲ့ပြီးနောက် မေလ ၈ ရက်တွင် လူငယ် ၂၀၃ ဦးကို ပဏာမ ရွေးချယ်ခဲ့ရာက မေလ ၂၃ ရက်တွင် လူငယ် ၉၀ ဦးကို အတည်ပြုရွေးချယ်လိုက်သည်။
ပဏာမရွေးချယ်ရေး အစီအစဉ်များအရ ရန်ကုန်-၄၃၂ ဦး၊ မန္တလေး- ၃၂၀ ဦး၊ တောင်ကြီး-၁၉၆ ဦး၊ မြစ်ကြီးနား-၁၅၀ ဦး၊ ပုသိမ်-၅၉ ဦး၊ ပဲခူး ၄၈ ဦး စုစုပေါင်း ၁၂၀၅ ဦးလာရောက်ရွေးချယ်ခံခဲ့ကြပြီး ထိုအထဲမှ ပဏာမအဆင့်အောင်မြင်သူ ၂၀၃ ဦးကို ဖိုင်နယ်အဆင့် ရွေးချယ်ခြင်းအဖြစ် မေလ ၁၁၊ ၁၂ ရက် (မန္တလေး)နှင့် မေလ ၁၅၊ ၁၆ ရက် (ရန်ကုန်)တွင် ဆက်လက် ရွေးချယ်မှုများ ခံယူရကာ မေလ ၂၃ ရက်တွင် အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အတည်ပြုစာရင်းအရ မန္တလေးဘောလုံးအကယ်ဒမီအတွက် ၂၀၁၃ ခုနှစ် မွေးဖွားသူ ၂၂ ဦး၊ ၂၀၁၂ ခုနှစ် မွေးဖွားသူ ၁၈ ဦး၊ ၂၀၁၀ ပြည့်နှစ် မွေးဖွားသူ ၇ ဦး၊ ၂၀၀၉ ခုနှစ် မွေးဖွားသူ ၁၀ ဦးနှင့် ရန်ကုန်ဘောလုံးအကယ်ဒမီအတွက် ၂၀၀၉ ခုနှစ် မွေးဖွားသူ ၁၃ ဦးနှင့် ၂၀၁၀ ပြည်နှစ်နှစ် ၂၀၁၁ ခုနှစ် မွေးဖွားသူ ၁၀ ဦးစီကို အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အပြီးသတ်ရွေးချယ်ခံရသည့် ကစားသမားများသည် ၂၀၂၄ ပညာသင်နှစ်မှစတင်ကာ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) နှင့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)တို့တွင် အတန်းပညာနှင့် ဘောလုံးပညာရပ်များအား အခမဲ့သင်ယူခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ကစားသမားများအဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ်ကစားသမားများအဖြစ်လည်းကောင်း မိမိအရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်မည် ဖြစ်သည်။
အကယ်ဒမီကျောင်းများ အနေဖြင့် သင်တန်းသားများအား အနာဂတ်မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရသော ကစားသမားကောင်းများ ဖြစ်ပေါ်လာစေရန် စနစ်တကျပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ပြီး ကျောင်းသားများသည် အကယ် ဒမီကျောင်းများ၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာကာ အတန်းပညာနှင့် ဘောလုံးပညာများအား ဆည်းပူးသင်ယူရမည် ဖြစ်သည်။