၂၄. ၅. ၂၀၂၄
Written by Nyein Kyaw
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပြေ၀-၃ နှင့် သာစည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တစ်နှစ်ကျော်အတွင်း အပြီးတည်ဆောက်ကာ ပင်မဓာတ်အားခွဲရုံများနှင့် ချိတ်ဆက်နိုင်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၉၉,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်တိုးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားသည်။
Natural Solar Power Co., Ltd ၏ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် Great Success Energy Co., Ltd. ၏ သာစည် (၃၀) မဂ္ဂါဝပ် နေရာင်ခြည်စမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် Build- Operate-Own- BOO (တည်ဆောက်/လည်ပတ်/ပိုင်ဆိုင်) စနစ်ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အား ၆၀ မဂ္ဂါဝပ်ဖြစ်၍ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၈ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကာ အိမ်ထောင်စုပေါင်း ၉၉,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်တိုးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားသည်။
သပြေဝ-၃ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၁၃ လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်တွင်လည်းကောင်း၊ သာစည်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၁၄ လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်တွင် လည်းကောင်း အသီးသီးချိတ်ဆက်၍ ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားပို့လွှတ်နေသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းနေခြင်းတို့ကြောင့် လက်ရှိတွင် တစ်ရက်ပျှမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။