၂၄.၅.၂၀၂၄
Written By Thandar
၁၉၄၀ ပြည့်နှစ်က အောင်မြင်မှုရရှိထားတဲ့ ဝတ္ထုကိုဇာတ်လမ်းတွဲ ဖန်တီးထားတဲ့ “ရေနံ့သာခင်ခင်ကြီး” ဇာတ်လမ်းတွဲ အပိုင်း ၂ ကို ယနေ့ မေလ ၂၄ ရက်ကစ အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ ညစဥ် ၇ နာရီမှာ MRTV-4 ရုပ်သံလိုင်းကထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
“ဝေလာတို့ရဲ့ ရေနံ့သာခင်ခင်ကြီး ဇာတ်လမ်းတွဲကို စိတ်ဝင်တစားချစ်ခင်ပေးကြလို့ ပီတိဖြစ်ရပါတယ်။ ဝေလာတို့ရဲ့ ရေနံ့သာခင်ခင်ကြီး ဇာတ်လမ်းတွဲ အပိုင်း ၂ ကိုတော့ မေလ ၂၄ ရက်မှာ ပြန်လည်ထုတ်လွှင့်ပေးမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ဝေလာရဲ့ ခင်ခင်ကြီး ကာရိုက်တာက တွင်းရိုးတွင်းစားမျိုးရိုးကနေ ဆင်းသက်လာပါတယ်။ ဖခင်နဲ့ ရန်ညှိုးရန်စရှိသူရဲ့သားနဲ့မေတ္တာမျှခဲ့လို့ အိမ်ပေါ်မှနှင်ချခံခဲ့ရသူလည်းဖြစ်တယ်။ ချစ်ရသူ မောင်မောင်ဦးက သူ့ကိုဥပေက္ခာပြုထားပြီးတော့ မှတ်ယူတဲ့အတွက် နာကျည်းခဲ့ရလည်းဖြစ်တယ်။ ဘဝကို ပန်းကောင်းအညွန့်ချိုးလုပ်ခံရသူတစ်ယောက်ဖြစ်တော့ သူ့ကိုကျွန်မစိတ်နာခဲ့တာဆိုရင်လည်း မမှားပါဘူး။ ရေနံ့သာခင်ခင်ကြီးဆိုတဲ့ နာမည်ဂုဏ်သတင်းကြီးပေမယ့် ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာကို အကောင်းဆုံးပုံဖော် ရိုက်ကူးထားပါတယ်။ ထုတ်လွှင့်ပြသမယ့် အပိုင်း ၂ ကိုလည်း အားပေးဝန်းရံပေးကြပါဦး” လို့ သရုပ် ဆောင် ဝေလာရီက ပြောပါတယ်။
Perfect Film Production က မောင်သိန်းဆိုင် ဝတ္ထုကို ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ အကယ်ဒမီ ဇော်မြင့်ဦးက ၂၀၁၉ ခုနှစ်ထဲ ရေနံချောင်းနဲ့ ချောက်၊ ရန်ကုန်စတဲ့ ဒေသတွေမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ ဟန်ထူးဈာန်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ ဝေလာရီ၊ ဇော်ဦး၊ အကယ်ဒမီ နွဲ့နွဲ့စန်း၊ ထူးမွန်၊ လှမျိုးသဉ္ဇာနွယ်၊ ဘုန်းသျှံ၊ သုတအောင်၊ ညီနန္ဒ၊ ဇွန်ဝေယံ၊ မင်းသူ၊ ရှင်မွှေလ၊ စောမင်းယျာ၊ ဇွဲလရောင်၊ ကောင်းဇံဟိန်း၊ ခရစ္စတီးနား၊ ဆောင်းယွန်းစံ၊ နန့်ချစ်နဒီဇော်၊ သွင်ပပအောင်၊ စုလင်းရှိန်၊ စျာဈာန်ဟန်သာ၊ ဟန်နလာ၊ ပင်ကီမေ စတဲ့သူတွေ ပါဝင်ထားပါတယ်။
ရေနံ့သာခင်ခင်ကြီး ဇာတ်ရုပ်ရဲ့ ငယ်ဘဝကို ဝေလာရီက သရုပ်ဆောင်ထားသလို အကြီးပိုင်းဇာတ်ရုပ်မှာတော့ အကယ်ဒမီစိုးမြတ်သူဇာက ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ “ရေနံ့သာခင်ခင်ကြီး” ရုပ်သံဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီချင်းကိုတော့ ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ အိုင်ရင်းဇင်မာမြင့်က သီဆိုပေးထားတာလည်း ဖြစ်ပါတယ်။