◾ ယခုမွန်းတည့်ချိန်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်ဖြစ်လာမည်ဖြစ်၍ ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် မိုးကြီးလေထန် မြေပြိုမှုများဖြစ်ပေါ်လာနိုင်
၂၅. ၅. ၂၀၂၄
Written by Thettant
အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအခြေအနေ ခြုံငုံသုံးသပ်ချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာဖြစ်ပြီး DMH-WRF Model ရဲ့ မေ ၂၃ ရက်မနက် မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်ကို အခြေခံခန့်မှန်းချက်အရ ဒီအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားနိုင်သလို ပိုမိုအားကောင်းလာနိုင်ကာ ဒီနေ့မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားရင်း ပိုမိုအားကောင်းလာနိုင်ကာ မနက်ဖြန် မနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ရင်း ပိုမိုအားကောင်းလာနိုင်သလို မေ ၂၆ ရက်မှာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့ကို ဦးတည်ရွေ့လျားနိုင်တာကို တွေ့ရှိရတယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ရဲ့ မေလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန်ကို အခြေခံတွက်ထုတ်ထားတဲ့ ခန့်မှန်းချက်များအရ လေဖိအားနည်းရပ်ဝန်းက မေ ၂၆ ရက်မှာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်တာကို ခန့်မှန်းထားပြီး အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data က အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းတို့အကြား ဦးတည်ရွေ့လျားမယ်ပြောသလို အိန္ဒိယနိုင်ငံ၊ Global Forecasting Model (GFS) Data က ဒီ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ဆီ ဦးတည်ရွေ့လျားနိုင်တယ်လို့ တွက်ထုတ်ထားကြသလို ယခုအချိန်မှာ အား ကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေသော်လည်း သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ ခန့်မှန်းချက်အားလုံးဟာ တိုင်းထွာတဲ့ အချိန်၊ အသုံးပြုတဲ့ Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း အချိန်နဲ့တစ်ပြေးညီ တွက်ချက်ရရှိတဲ့ ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးမယ်ပြောပါတယ်။
ဒီအားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီနေ့မနက် တိုင်းထွာချက်အရ ဒီနေ့မနက်ကနေ မေ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာတွေမှာ ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်းများနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါတယ်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးတာ၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေက ဒီနေ့နဲ့ မနက်ဖြန်မှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်တာ၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးလာကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ မေ ၂၄ ရက်နေ့မှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်၊ မေ ၂၅ ရက်နဲ့၂၆ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်မှာပါ။
ဒီ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေက မြေပြိုမှုအန္တရာယ်သတိထားဖို့၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများက ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားပါတယ်။