၂၀. ၁၂. ၂၀၂၂
Written by Tha Doe
အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်တွင် NUG အား မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်းမရှိသလို အရေးပါသည့်အချက်များ ပါဝင်မှုမရှိခဲ့သော်လည်း ကြိုဆိုကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်ကို ဒီဇင်ဘာ ၁၉ ရက်ညတွင် ထုတ်ပြန်ထားသည်။
အဆိုပါ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးအပ်နိုင်ရေးတို့အတွက် တောင်းဆို ထားကြောင်း တွေ့ရှိရသည်။ အီးယူနှင့် အာဆီယံခေါင်းဆောင်များအနေဖြင့် ယခုနှစ် ဇူလိုင်လ အတွင်းက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးအား ကွပ်မျက်ခဲ့ခြင်းကို ရှုတ်ချခဲ့ပြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အား “သက်ဆိုင်သည့် အဖွဲ့ အားလုံးနှင့် အပြည့်အဝ ထိတွေ့ဆက်ဆံ၍ ယုံကြည်မှု” တည်ဆောက်ရန် တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ တောင်းဆိုမှုများအား ကြိုဆိုသော်လည်း ယင်းတောင်းဆိုမှုများသည် အသစ်အဆန်း မဟုတ်သကဲ့သို့ အရေးပါသည့် အချက်အလက်များလည်း မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့ရှိရသည်ဟု NUG ကဆိုသည်။
ပူးတွဲကြေညာချက်တွင် NUG အား မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသည့်အပြင် SAC ကို ရှုတ်ချကြောင်း ဖော်ပြရန်လည်း ပျက်ကွက်ခဲ့သည်ဟု ဖော်ပြထားသည်။
သို့သော်လည်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ အခိုင်အမာ ဆက်လက်တည်ရှိရေးကို ထင်ဟပ်သည့် ငြိမ်းချမ်းသော ဖြေရှင်းချက်ဆီသို့ ဦးတည်စေရန် ‘နှစ်ဆတိုး’ စုပေါင်းကြိုးပမ်းမှုများ ဖော်ဆောင်သွားမည့် အီးယူ-အာဆီယံ ကတိကဝတ်အား ဖော်ညွှန်းထားသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။
လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် ကတိကဝတ်ပြုထားသည့် အီးယူ-အာဆီယံ ကတိကဝတ်ပြုမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြု လက်ကိုင်ထား၍ SAC ၏ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှု အားလုံးကို တားဆီးပိတ်ပင်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒအား လေးစားမှုကို ပြသရမည် ဖြစ်ကြောင်း NUG သည် အီးယူကဲ့သို့သော ပြင်ပမိတ်ဖက်များထံမှ ပံ့ပိုးကူညီမှုကို ထပ်လောင်းတောင်းဆိုသည့် အာဆီယံ၏ တောင်းဆိုချက်အား အသိအမှတ်ပြုကြောင်း အပြန်အလှန်အားဖြင့် အာဆီယံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနှင့် နိုင်ငံတကာ၏ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် ၎င်းတို့၏ ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသသင့်ကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဖော်ပြသည်။