၂၄.၅.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွှေတချောင်းလမ်း၊ ဝါးရုံလမ်းထိပ်ရှိ ဓာတ်ပုံဆိုင်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦးကို ယနေ့နံနက်သို့ ကူးပြောင်းသည့်အချိန်ခန့်က ကတ်ကြေးဖြင့်ထိုးသတ်သွားရာက လူသတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဥ်မှာ ယနေ့ မေလ ၂၄ ရက် နံနက် (၁) နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ဆိုင်အတွင်း သတ်ဖြတ်ခံရကြောင်း သတင်းရရှိသောကြောင့် ခေတ္တရာလူငယ်များသာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ သွားရောက်ကူညီရာ အထက်ပါဖြစ်စဥ်မှ ကတ်ကြေးဖြင့်ထိုးသတ်ခံရသည့် အမျိုးသားကို ပြည်မြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။
“ဆိုင်ပိုင်ရှင်တွေမရှိခင် အသတ်ခံရတာ။ ဆိုင်သော့တွေလည်း ပေးထားခဲ့တာ။ ကတ်ကြေးနဲ့ထိုးသတ်တာ။ ခြေထောက်တွေကလွဲရင် ကျန်တဲ့နေရာအကုန်လုံး ဒဏ်ရာတွေနဲ့သေနေတာ”ဟု ခေတ္တရာလူငယ်များသာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
အဆိုပါသတ်ဖြတ်မှုဖြစ်စဥ်မှာ မည်သည့်အတွက်ဖြစ်ပွားရကြောင်း သိရှိရမှုမရှိသေးသလို ကျုးလွန်သူများကိုလည်း လက်ရှိအချိန်တွင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ သတ်ဖြတ်ခံရသည့် အမျိုးသားမှာ အသက် (၂၅) နှစ်ဝန်းကျင်ရှိကြောင်း သိရသည်။
Photo – Credit