၂၄.၅. ၂၀၂၄
Written by Thettant
ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံ Seletar Country Club ၌ကျင်းပမည့် Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက်ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tanapat Pichaikool မှ သင်ကြားပြသပေးလျက်ရှိသည်ဟု မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် မြန်မာကစားသမားများ အောင်မြင်မှုရစေရန်အတွက် ထိုင်းပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမားကို နည်းပြအဖြစ် လာရောက်သင်ကြားရန် ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ယင်းထိုင်းပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမားသည် မေလတတိယအပတ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ပြိုင်ပွဲကာလအထိ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ မြန်မာကစားသမားများအနေဖြင့် ပန်းလှိုင်ဂေါက်ကွင်း၌ လေ့ကျင့်သင်ကြားလျက်ရှိပြီး၊ ပန်းလှိုင်ဂေါက်ကွင်းမှလည်း လေ့ကျင့်ရေးကွင်းနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးကူညီပေးထားသည်။
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲ (၄) ခုအနက် Putra Cup ပြိုင်ပွဲ၊ Lion City Cup ပြိုင်ပွဲနှင့် Santi Cup ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာကစားသမားများကို သင်ကြားပေးနေသည့် ထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tanapat Pichaikool သည် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ် All Thailand Golf Tour ၊ Singha Thailand Master 2023 ပြိုင်ပွဲများတွင် ပထမဆုများကို ရရှိထားပြီး လက်ရှိကမ္ဘာ့အဆင့် ၁၀၀၃ ဖြစ်ကာ Bromsgrove International School နှင့် Mississippi State University တို့တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။
မြန်မာအသင်းသည် ၂၀၁၈ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် Southeast Asian Amateur Golf Team Championship ပြိုင်ပွဲအတွက် သြစတေးလျနိုင်ငံသားကို နည်းပြခန့်အပ်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ Loin City Cup ပြိုင်ပွဲတွင် အသင်းလိုက်ပထမဆုနှင့် Kartini Cup ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယဆုတို့ကို ရရှိခဲ့သည်။