၂၄. ၅.၂၀၂၄
Written by Thettant
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာဈေးအတွင်း၌ ယမန်နေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဖိနပ်ဆိုင်၌အသုံးပြုသော ဆိုလာအားသွင်းစနစ်မှ အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၆၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
“မီးလောင်တဲ့နေရာက ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ ဆိုင်ခန်းတွေ။ AA ရဲ့ ဆက်ကြေးတာဝန်ခံက ဆက်ကြေးလာလာတောင်းနေတာ မပေးကြလို့ အရှို့ခံရတယ်လို့လည်း ဒေသခံရွာသားတွေက ပြောနေကြတာ။ AA ကလည်း သူတို့ကို ဘင်္ဂါလီမွတ်ဆလင်တွေက စစ်တွေမှာ အလိုမရှိဘူးလို့ ကြေညာဆန္ဒပြတော့ ထွန်းမြတ်နိုင်လို စစ်ဦးစီးချုပ်ကကို ဘင်္ဂါလီတွေလို့ ကမ္ဘာသိထုတ်ပြောပြီး ပေါက်ကွဲနေတော့ လက်ရှိရခိုင်မှာက AA နဲ့ ဒေသခံဘင်္ဂါလီမွတ်ဆလင်တွေက အဆင်မပြေဘူး”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သတင်းမှတ်တမ်းများအရ AA တိုက်ခိုက်သိမ်းပိုက်နေသော ရခိုင်မြို့ကြီးများ၏ စျေးအများစုလည်း မီးရှို့ဖျက်ဆီးခံနေရပြီး လတ်တလောတွင်လည်း AA က လက်ရှိရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင်တစ်မြို့လုံးကို မေလ ၁၇ ရက်ညတွင် မီးရှို့ဖျက်ဆီးလိုက်၍ ဘင်္ဂါလီ ၁၅၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့နှင့် အငတ်ဘေးကြုံနေရသည်။