၂၄.၅.၂၀၂၄
Written by KL
လူငယ်တစ်ဦးရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့မှု မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင်ကန်လမ်းရှိ လက်ဆယ်ကန် သဘာဝရေကန်တွင် ဖြစ်ပွားခဲ့သည်။
သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် ကိုလှအောင်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ဆယ်ကန်တွင် လူငယ်တစ်ဦးရေဆင်းကူးရာမှ ရေနစ်နေသည်ကို လမ်းသွားလမ်းလာ ပြည်သူတစ်ဦးက သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းသို့ လူကိုယ်တိုင်လာရောက်ကာ သတင်းပေးပို့ခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦးက ရေနစ်နေသူကို သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ရေနစ်နေသူကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေရာ မိနစ် ၃၀ အကြာတွင်သေဆုံးနေသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြ ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။