◾ စီးပွားရေးကိုဆွဲတင်နိုင်မည့်ကိစ္စမျိုးတွင် ဘဏ္ဍာရေးဝန်ကြီးကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပိုင်ခွင့်ပေးရန်လို ဟု အကြံပြု
၂၄.၅.၂၀၁၄
Written By Zun
မြန်မာနိုင်ငံ၏ စီးပွားရေးကိုဆွဲတင်နိုင်မည့်ကိစ္စမျိုးတွင် ဘဏ္ဍာရေးဝန်ကြီးကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပိုင်ခွင့်ပေးရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောသည်။
လတ်တလော ပြည်တွင်း ဒေါ်လာဈေးအလှုပ်အခတ်နှင့် ပတ်သက်၍ MT News ၏ မေးမြန်းချက်အပေါ် ၎င်းက အထက်ပါအတိုင်း ထောက်ပြ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
လက်ရှိအမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၄၁၀၀ ကျော်နေသည်ဆိုသော သတင်းစကားပြောဆိုနေ မှုများအပေါ် ယင်းငွေကြေးဖောင်းပွဲမှုမှာ ပုံမှန်မဟုတ်သောငွေဖောင်းပွမှုမျိုးဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်နေ ကြောင်း ယင်းက ဆိုသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတိုင်းမှာ အင်မတန်မှကို ကပ်စီးနည်းပြီးတော့ ဘတ်ဂျက်ကို ရက်ရက်စက်စက် ဖြတ်တောက်နိုင်တဲ့ ဘဏ္ဍာရေးဝန်ကြီးလိုအပ်တယ်။ အဲဒီ ဘဏ္ဍာရေးဝန်ကြီးက တိကျတဲ့ မူဝါဒနဲ့ သွားဖို့အတွက်ကို ဘဏ္ဍာရေးဝန်ကြီးကို လုပ်ကိုင်ခွင့်ပေးဖို့လိုတယ်ဆိုတဲ့ အချက်ကို တွေ့ပါတယ်။ အဲဒီတော့ အဓိက ကတော့ ပုံမှန်မဟုတ်တဲ့ ငွေကြေးဖောင်းပွဲမှုမျိုး ဖြစ်တယ်။ ဒါက နိုင်ငံရေးနဲ့ ပတ်သက်နေတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး ပိုင်းဆိုင်ရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ဘဏ္ဍာရေးဝန်ကြီးကို ပြတ်ပြတ် သားသားနဲ့ တိုင်းပြည်စီးပွားရေးကို ဆွဲတင်နိုင်မယ့်ကိစ္စမျိုးမှာ ဆုံးဖြတ်ပိုင်ခွင့်ပေးဖို့လိုတယ်လို့ပဲ ပြောချင်ပါ တယ်”ဟု ဒေါက်တာအောင်မျိုးက ပြောသည်။
ယမန်နေ့ မေလ ၂၂ ရက်ညနေပိုင်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၀၇၀ ကျပ်ခန့်ထိ ဈေးဖြစ် ပေါ်ခဲ့ပြီး မေလ ၂၃ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ အဝယ် ၄၁၂၀ ကျပ် ၊ အရောင်း ၄၀၇၀ ကျပ် ရှိနေကြောင်းလည်း ရန်ကုန်ဒေါ်လာဈေးကွက်အတွင်းက စုံစမ်း သိရသည်။ ထို့အတူ ရွှေစျေးမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်းခန့်ဖြစ်လာ၍ မန္တလေးတွင် အရောင်းအဝယ်ပင် ယာယီရပ်ခဲ့ရသလို ရည်ညွှန်းစျေးထက်လည်း ကျပ် ၁၂ သိန်းကျော် ဆွဲအတင်ခံထားရသည့် အခြေအနေဖြစ်ပေါ်နေသည်။
“ဒေါ်လာဈေးက လေးထောင်(၄၀၀၀)ကျော်သွားတယ်။ ဒီအပေါ်မှာ ဘာမှလည်း မခံစားတော့ဘူး။ ဒီအခြေအနေထက်ဆိုးတာ မရှိနိုင်တော့ဘူးထင်ပါတယ်။ ဒေါ်လာဈေးအပြင် ရွှေဈေးလည်းတက်နေတာပဲ။ ဟိုတလောက ရွှေဈေးတွေ တက်လိုက်သေးတယ်လေ။ ရွှေဈေးကျအောင်လို့ Black Lists တွေ လုပ်တယ်။ ထိန်းသိမ်း စစ်ဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အဲလိုလုပ်လည်း မကျဘူးလေ။ ရွှေဈေးကျအောင်လို့ လေပတ်ကားတွေ ရောင်းတာ ဝယ်တာ လုပ်တဲ့ ရွှေဈေးကွက်မှာ ကစားသူတွေကို ဖမ်းတာ ဆီးတာ၊ ရွှေဈေးကို ရည်ညွှန်းဈေးအတိုင်းမရောင်းလို့ အရေးယူတာတွေ စသဖြင့် ဒါမျိုးတွေ လုပ်လည်း ရွှေဈေးက ကျသွားတာမှ မဟုတ်တာ။ ဒါက ဈေးကွက်စီး ပွားရေးလည်း ဖြစ်နေတော့ ရွှေဈေးဆိုရင် ကမ္ဘာ့ဈေးရဲ့ တက်ဈေး ကျဈေးလို့ ပြောရင်လည်းရတာပဲ။ ကမ္ဘာ့ ဈေးက အခုတက်နေတယ်။ ဒါကြောင့် ရွှေဈေးကတက်တယ်။ကမ္ဘာ့ဈေးကျလို့ ဆိုပြီးတော့ မြန်မာ့ရွှေဈေးက ကျချင်မှကျတာမျိုးလည်း ရှိတာပဲ။ လက်ရှိမှာ သွင်းကုန်ပါမစ်တွေကို ထိန်းချုပ်ထားတယ်။ အခု ဆောက်လုပ်ရေး သွင်းကုန်ပါမစ်တွေ ရမှမရတာ။ မရတော့ဈေးတက် အဲဒါ နဲ့လုံးလည် လိုက်နေတယ်ပေါ့ဗျာ။ ရွှေ ၊ ဒေါ်လာ အိမ်ခြံ မြေ၊ကား တစ်ခုနဲ့ တစ်ခုက Link ဖြစ်နေတာကိုး။ အခု ကားဈေးကလည်း တက်ဖို့ ချောင်းနေတယ်။ အစွာဆုံးက တော့ ရွှေ နဲ့ ဒေါ်လာဈေးပဲ”ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက MT News ကို ပြောသည်။
ယမန်နေ့ မေလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်း အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် မြန်မာကျပ်ငွေ ၃၉၉၉၉၀၀ သိန်းဖြစ်ပြီး ပြည်ပစျေးမှာ ၅၁၉၀၀၀၀ ဖြစ်ကာ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန် ၂၃၅၇ ဒေါ်လာ ဈေးရှိခဲ့သည်။
“ရွှေဈေးကတော့ ကမ္ဘာ့ဈေးလည်း တက်နေတယ်။ ပြီးတော့ ပြည်တွင်းဒေါ်လာဈေးလည်း တက်နေတာကြောင့် ဈေးကွက်မှာ တက်ဈေး ဖြစ်နေတာပေါ့”ဟု အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News ကို ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ငွေကြေးဖောင်းပွမှု များလာပါက နိုင်ငံများတွင် အပြောင်းအလဲဖြစ်တတ်ကြောင်းလည်း သုံးသပ်သည်။
“တကယ်ကတော့ မြန်မာငွေ ဒီလောက်ကျနေတယ်ဆိုတာက မကောင်းဘူးပေါ့။ Inflation (ငွေကြေးဖောင်းပွမှု) သိပ်များလို့ ရှိရင် နိုင်ငံတွေမှာ အပြောင်းအလဲတွေ ဖြစ်တတ်တယ်။ ဥပမာ သာဓက အရပြောရရင် ဂျာမနီမှာ ဗာဆိုင်းစာချုပ်ကြောင့် ငွေကြေးဖောင်းပွဲမှုတွေ ဖြစ်ပြီးတော့ ဘာပစ္စည်းပဲ ဖြစ်ဖြစ် ဝယ်ဖို့အတွက် ပိုက်ဆံတွေကို အထုပ်လိုက်ကြီး သယ်နေရတဲ့အချိန်မှာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရမယ်။ ဗာဆိုင်းစာချုပ်ကို ဆွဲဆုတ်ရမယ်ဆိုပြီးတော့ ဟစ်တလာက တက်လာတာလေ။ ဒါက သမိုင်းမှာရှိတယ်။ အဲဒီတော့ ပြောရလို့ရှိရင် ငွေကြေးဖောင်းပွဲမှုဆိုတာကတော့ တိုင်းပြည်တစ်ခုအတွက် မကောင်းဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်နိုင်ပြီး စီးပွားရေး အောင်မြင်စေရန် လုပ်ဆောင်နိုင်ရေးက အရေးကြီးနေကြောင်းလည်း ဒေါက်တာအောင်မျိုးက သုံးသပ်သည်။
“ငွေကြေးဖောင်းပွမှုကို လက်ရှိတာဝန်ရှိတဲ့သူတွေကထိန်းချုပ်နိုင်တယ်၊ စီးပွားရေးတိုးတက်မှု Grow ဖြစ်အောင် လုပ်နိုင်တယ်ဆိုလို့ ရှိရင် စီးပွားရေးကို အောင်မြင်အောင်လုပ်နိုင်တဲ့အစိုးရဟာ နောက်ဆုံး အနိုင်ယူသွားမှာပဲ။ ဒါကိုသွားတွေ့ရတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ပြောတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အစိုးရတစ်ရပ်အနေနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ကိုင်တွယ်ဖို့လိုတယ်ဆိုတာက ဒီလိုမျိုး Control လုပ်တယ်။ ဖမ်းတယ် ဆီးတယ်ဆိုတာမျိုးနဲ့ ဒါကမရဘူး။ အဓိက ကတော့ ဒီအချက်အလက်တွေကို ငြိမ်သွားအောင် နိုင်ငံရေးပိုင်းအရ ဘယ်လိုလုပ်ရမလဲဆိုတဲ့တစ်ချက်လိုတယ်”ဟုလည်း ၎င်းကပြောသည်။