၂၄. ၅. ၂၀၂၄
Written by Nyein Kyaw
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည့်သူများကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်နေကြောင်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုလည်း Long Stop Date ၁၈ လတာ ကာလအတွင်း လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထားဝယ်အထူးစီးပွားရေးနှင့် ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးရရှိရေး သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှုကြီးကြပ်ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးသည် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ ရေနံချက်စက်ရုံတည်ဆောက်ရေးအပြင် အခြားစွမ်းအင်စီမံကိန်းကိစ္စများကိုဆွေး နွေးရန် ရုရှားနိုင်ငံသို့ ယခုမေလလယ်တွင် သွားရောက်ခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရန်အတွက် ရုရှားနိုင်ငံနှင့် ဆွေးနွေးခဲ့ကြောင်းနှင့် ရေနံချက်စက်ရုံများပါဝင်မည့် အထူးစီးပွားရေးဇုန်တည်ဆောက်မှုနှင့်အတူ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းတွင် ရုရှားနိုင်ငံ ပါဝင်ရင်းနှီးမြှုပ်နှံစေရန် လိုလားနေကြောင်း သိရသည်။
ထို့အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့ပြီး Long Stop Date သက်တမ်း ၁၈ လ ထပ်မံတိုးမြှင့်ရာ လက်ရှိတွင် ၅ လခန့်ရှိပြီဖြစ်ပြီး ကျန်ရှိနေသည့်ကာလအတွင်း မိမိတို့အပိုင်းမှ ပြီးပြတ်ရမည့်ကိစ္စ၊ နောက်ပိုင်းမှလုပ်ဆောင်ပေးရမည့် ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ ပြီးပြတ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း ဆောင်ရွက်ရမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီ၊ အဖွဲ့အစည်းများကလည်း ၎င်းတို့၏ လုပ်ငန်းအစီအမံများအတိုင်း ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အရေးကြီးသည်မှာ Long Stop Date ၁၈ လတာ ကာလအတွင်း နှစ်ဦးနှစ်ဖက်ဆောင်ရွက်ရန်ကိစ္စရပ်များကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်ပြီး နိုင်ငံတကာအဆင့်မီ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စောလျှင်စွာ အကောင်အထည်ဖော်နိုင်မည့် နောက်ဆက်တွဲ သဘောတူစာချုပ် (Addendum) ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ Mr. Liang Chuanxin တို့က ဒီဇင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။