၂၃. ၅. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊အင်ပင်လှရွာနေ အုပ်ချုပ်ရေးမှူးဦးမျိုးထွန်းကို ဒီနေ့ မေလ ၂၃ ရက် မနက် ၆ နာရီခွဲ အချိန်ခန့်မှာ ပေါင်းတည် PDF အဖွဲ့ဖြစ်တဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၃) WISDOM(2) အဖွဲ့က ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
လက်နက်မဲ့ အုပ်ချုပ်ရေးမှူး ဦးမျိုးထွန်း (အသက် ၅၅ နှစ်) ဟာ ဒီနေ့မနက်အစောပိုင်းမှာ Dream 125 အနက်ရောင်ဆိုင်ကယ်နဲ့ ဈေးဝယ်ထွက်ချိန် ပေါင်းတည် PDF၂ ဦးက နောက်ကလိုက်လာပြီး အလစ်မှာ လက်နက်ငယ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ ပေါင်းတည် PDF အဖွဲ့ရဲ့ ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးထွန်းဟာ ဝဲဘက် ဦးခေါင်းကျည်ဖောက်ဝင်၊ ယာဘက်ဦးခေါင်း ကျည်ဖောက်ထွက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ဦးမျိုးထွန်းဟာ စစ်မှုထမ်းစုဆောင်းရာမှာ အုပ်စုအတွင်းပြည်သူတွေကို အတင်းအဓမ္မခေါ်ယူစုဆောင်းပေးတာ၊ကျေးရွာ အုပ်စုအတွင်း PDF မိသားစုတွေ နေထိုင်လို့ မရအောင် သတင်းပေးပို့တာ၊ အုပ်စုအတွင်းလောင်းကစားဝိုင်းထောင်ကာ လုံခြုံရေးတွေကို ထောက်ပံ့နေသူဖြစ်တာကြောင့် သတ်လိုက်တာလို့ ပေါင်းတည် PDF က ဆင်ခြေပေးပေမဲ့ MT News အနေနဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန် အတည်မပြုနိုင်ဘဲ လူသတ်မှုကျုးလွန်တဲ့ NUG ဩဇာခံ ပေါင်းတည် PDF အဖွဲ့ရဲ့ ပြစ်မှုကျုးလွန်ကြောင်း ဝန်ခံချက်ကိုသာ အတည်ပြုဖော်ပြပေးတာဖြစ်ပါတယ်။