၂၃.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့တွင် မေလ ၂၂ ရက်နှင့် မေလ ၂၃ ရက်က ဆိုင်ခန်းမီးလောင်မှုများ ဖြစ်ပွားခဲ့ရာ လူ ၃ ဦး မီးဟပ်ဒဏ်ရာများရရှိခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ -လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မေဖလားဝါလမ်း၊ နဝဒေးအိမ်ရာဝင်းရှိ ရှမ်းမဟာ စားသောက်ဆိုင်တွင် မေလ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ဂတ်စ်အိုးယိုစိမ့်မှုကို ပြုပြင်စဥ် မီးပွားထွက်၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ စားသောက်ဆိုင်၊ သွားဆေးခန်း၊ ပန်းချီလုပ်ငန်း၊ဖုန်းအပိုပစ္စည်းဆိုင်၊ အခန်းလွတ်စသည့် ဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
ဆိုင်ခန်းမီးလောင်မှုကြောင့် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ကျော့ကျော့ခိုင်၏ ဘယ်ဘက်နှင့်ညာဘက်တို့တွင် မီးဟပ်ဒဏ်ရာ၊ဒေါ်ဖိုးတွင် ခန္ဓာကိုယ် မီးဟပ်ဒဏ်ရာနှင့် ဦးစိုင်းဝဏ္ဏတွင် ညာလက် မီးဟပ်ဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
ဆိုင်ခန်းမီးလောင်မှုကြောင့် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ပုဒ်မ ၃၃၇၊ ၃၃၈၊၂၈၅ ဖြင့် လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ မေလ၂၃ ရက် နံနက် ၂ နာရီ ၈ မိနစ်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၂၅)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ မုန့်မျိုးစုံအရောင်းဆိုင်တွင် မီးလောင်ခဲ့ရာ မုန့်မျိုးစုံအရောင်းဆိုင်၊ ကုန်မာဆိုင်၊ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်၊ ဆိုင်ကယ်ဝယ်/ရောင်းဆိုင်၊ ပိုးထည်ဆိုင်နှင့် ဆိုင်ခန်းအလွတ်အပါအဝင် ဆိုင်ခန်း ၆ ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“မုန့်မျိုးစုံဆိုင်မှာ ရေခဲသေတ္တာနဲ့တွဲသုံးတဲ့ Safe Guard ကို ပြင်ထားတဲ့ မီးအားမြှင့်စက်နဲ့ သုံးရင်းကနေ အပူလွန်ပြီး မီးစလောင်တာကနေ ဘေးဆိုင်ခန်းတွေကိုပါ ကူးကုန်တာ”ဟု မီးငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုမှာ မိနစ် ၄၀ ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၇ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊အထောက်အကူပြုယာဥ် ၁ စီးနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဆိုင်ခန်း ၆ ခန်း မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၂ နှစ်အရွယ် ဦးကျော်လင်းထွန်းကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။