၂၃.၅.၂၀၂၄
Written by Nay Moe
KIA ရဲ့ နွားတစ်ရှဉ်းလို တင်စားကြတဲ့ KIC ဒုဥက္ကဋ္ဌ ဂွမ်မော်နဲ့ KIA စစ်ဦးစီးချုပ်ခေါင်လွမ်းတို့ထဲက စစ်ဦးစီးချုပ်ခေါင်လွမ်းဟာ တာဝန်ထမ်းဆောင်နေရင်း သေဆုံးသွားခဲ့တဲ့ ဒီရက်ပိုင်းတွေအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကလည်း မြန်မာ့အရေးအတွက် ဝင်ဆောင်ရွက်ပေးချင်တယ်ဆိုပြီး လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ တွေ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း မြ၀တီကို ထိန်းချုပ်ချင်တဲ့ အမေရိကန်ဟာ သူထောက်ပံ့ထားလို့ မြို့သိမ်းတဲ့ KNU နဲ့ PDF တွေ အခြေမလှတာကြောင့် USIP ကနေတစ်ဆင့် BGF ကို ကျားဖြန့်ဂိုဏ်းခေါင်းဆောင်အဖြစ်ပုံဖော်လာမှုကို Justice For Myanmar ကပါ ထပ်မံအရောင်တင်လာပြီး ဗိုလ်မှုးကြီးစောချစ်သူကို အရေးယူပေးဖိုတောင်းဆိုတဲ့ဖြစ်စဉ်တွေ၊ အိန္ဒိယ- မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့် အိန္ဒိယအစိုးရဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ၊ နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ စစ်မှုထမ်းဟောင်းနဲ့ လက်ရှိနော်ဝေစစ်သားတစ်ဦး တည်ထောင်ထားတဲ့ စစ်ဘက်ရေးရာကုမ္ပဏီတစ်ခုဖြစ်တဲ့ NorArm Tactical ကုမ္ပဏီက ချင်းပြည်နယ်က PDF-Zoland ကို စစ်သင်တန်းပေးနေတဲ့အကြောင်းတွေ၊ နှစ်ဖက်စွပ်စွဲတိုက်ခိုက်မှုတွေကြားမှာ ပြည်သူတွေ အစုလိုက် အပြုံလိုက်သေဆုံးရမှုဖြစ်စဉ်တွေ၊ ပြည်သူအပေါ် အနိုင်ကျင့်မှု၊ အဓမ္မငွေကြေးကောက်ခံမှု မပြုလုပ်ဖို့ အထူးကြပ်မတ်ဆောင်ရွက်ရမယ်လို့ SAC ဒုဥက္ကဋ္ဌ သတိပေးတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ ဘူးသီးတောင်တစ်မြို့လုံးကို AA က မီးတင်ရှို့လိုက်တဲ့အကြောင်း၊ အချုပ်အခြာအာဏာအတွက် ဝေဟင်နဲ့ရေပြင်ကို ပိုင်စိုးဖို့လိုတယ်ဆိုတဲ့အကြောင်းနဲ့ တစ်ကျော့ပြန်လှုပ်ခတ်လာပြန်တဲ့ မြစ်ဆုံစီမံကိန်းအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ ဘူးသီးတောင်တစ်မြို့လုံး မီးရှို့တဲ့ AA
ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘူးသီးတောင်မြို့ကို မေလ ၁၇ ရက်မှာ သိမ်းလိုက်နိုင်တဲ့ အခြေအနေဖြစ်လာအပြီး မေလ ၁၈ ရက် မနက် ၁၀ နာရီမှာ ဘူးသီးတောင်မြို့ပေါ်က ဘင်္ဂါလီတွေ နေအိမ်က ထွက်ခွာဖို့ သတိပေးခဲ့ပေမဲ့ သတိပေးထားချိန်မရောက်ခင်ညတင် မီးရှို့လိုက်တာကြောင့် ဘင်္ဂါလီတစ်သိန်းခွဲကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လမ်းဘေးမှာ နေထိုင်နေရတယ်လို့ ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့တည်ထောင်သူ ရိုနေဆန်းလွင်က ပြောတာပါ။ ရှေ့မှာလည်း ဘင်္ဂါလီ ၃၅ ဦးထက်မနည်းသတ်ဖြတ်ပြီး စစ်သားအဖြစ်ပါစုဆောင်းနေတဲ့ AA ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ဘူးသီးတောင်မြို့က ဘင်္ဂါလီတွေ နေစရာမရှိအောင် တစ်မြို့လုံး မီးတင်ရှို့အပြီးမှာ မီးရှို့ဖျက်ဆီးနိုင်တဲ့အတွက်လည်း အောင်ပွဲခံခဲ့ကြပါသေးတယ်။ ရိုနေဆန်းလွင်ရဲ့ ဖော်ထုတ်မှုအပြင် ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ဖျက်ဆီးပြီး မီးတင်ရှို့လိုက်လို့ တစ်မြို့လုံးပြာကျသွားတဲ့ အကြောင်းကိုလည်း NUG လူ့အခွင့်အရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက Facebook မှာ ရေးသားထားတာ တွေ့ရပါတယ်။
ဒါပေမဲ့လည်း AA ဒီလုပ်ရပ်ကို တပ်မတော်ကလုပ်တာလို့ လွှဲချခဲ့ပြီး သူတို့လုပ်တာမဟုတ်ဘူးလို့လည်း ဗြောင်လိမ်ခဲ့တာကို တွေ့ရသလို NUG အပါအဝင် တခြားသော တော်လှန်ပါတယ်ဆိုတဲ့ အဖွဲ့အစည်းပေါင်းစုံကလည်း တပ်မတော်ကိုပဲ လွှဲချလက်ညှိုးထိုးပြီး သူတို့ဘက်ကရှိနေတဲ့ NUG လူ့အခွင့်အရေးဒုဝန်ကြီးဦးအောင်ကျော်မိုးနဲ့ ရိုနေဆန်းလွင်တို့ကိုပါ ငပေါသာသာ လူလိမ်ပုံစံ တန်ပြန်တဲ့သဘောမျိုးလုပ်ခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဘင်္ဂါလီတွေဟာ NUG၊ AA နဲ့ တော်လှန်ပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေထက် ပေါက်ရောက်တာဖြစ်လို့ AA ကသာ ဘင်္ဂါလီ ဆယ်ရာချီသတ်တာ၊ ဘင်္ဂါလီရွာပေါင်းများစွာ မီးရှို့ဖျက်ဆီးတာ၊ ဘူးသီးတောင်တစ်မြို့လုံးကို မီးလောင်တိုက်သွင်းဖျက်ဆီးလိုက်တယ်ဆိုတာ သဘောပေါက်တာကြောင့် မေလ ၂၁ ရက် အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဘင်္ဂါလီတွေကို တိုက်ခိုက်သတ်ဖြတ်မီးရှို့နေတဲ့ လက်နက်ကိုင်တွေကို ပိတ်ဆို့အရေးယူမယ်ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့တာ တွေ့ရပြီး ဒီရည်ညွှန်းမှုဟာ AA ဝတ်စုံဝတ် ရခိုင်မြို့တွေသိမ်းဖို့ ဝင်တိုက်ပေးနေတဲ့ PDF တွေ၊ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ AA ကိုသာ ရည်ညွှန်းတယ်ဆိုတဲ့သဘောမျိုးသက်ရောက်ခဲ့တာမို့ အမေရိကန်က သူထောက်ပံ့တဲ့ သူ့လက်နက်ကိုင်တွေကို ဘင်္ဂါလီတွေအတွက် တကယ်အရေးယူမလားဆိုတာတော့ စောင့်ကြည့်ချင်စရာဖြစ်လာမှာပါ။
◾ အချုပ်အခြာအာဏာအတွက် ပိုင်စိုးရမဲ့ ဝေဟင်ရေပြင်
မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အချက်အချာကျတဲ့နေရာမှာ တည်ရှိတာကြောင့် ရေပြင်နဲ့ ဝေဟင်ပိုင်နက်တွေကို ပိုင်နိုင်စွာစိုးမိုးထားနိုင်မှသာ တိုင်းပြည်အချုပ်အခြာအာဏာကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလာပါတယ်။ မြန်မာနိုင်ငံဟာ မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားတဲ့ ပင်လယ်ပြင်ကမ်းရိုးတမ်းကို ပိုင်ဆိုင်ထားသလို ပထဝီအနေအထားအရလည်း အချက်အချာကျတဲ့နေရာမှာ တည်ရှိနေတာကြောင့် မိမိ ရေပြင်၊ ဝေဟင်ပိုင်နက်တွေကို ပိုင်နိုင်စွာ စိုးမိုးထားနိုင်ဖိုလိုအပ်ပြီး ဒီလိုဆောင်ရွက်နိုင်မှသာ ကာကွယ်ရေးစွမ်းအား အပြည့်အဝရရှိခြင်းနဲ့အတူ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကိုလည်း ကာကွယ်နိုင်မှာဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ဝေဟင်ရေပြင်စိုးမိုးမှုအပြင် မြေပြင်စိုးမိုးမှုလည်း လိုနေပြီး မြန်မာနိုင်ငံဟာ ရခိုင်လို နိုင်ငံတစ်ခုအဖြစ် ခွဲထွက်ချင်နေတဲ့ လက်နက်ကိုင်တွေရဲ့ မြို့သိမ်းပိုက်မှုတွေ ခံနေရတာလည်း တွေ့ရသလို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ကိုးကန့်နဲ့ တအာင်းလက်နက်ကိုင်တွေက မြို့ပေါင်း ၆၀ နီးပါးကို သိမ်းပိုက်ထားတဲ့ အခြေအနေပါ။ ဒီအခြေအနေထဲမှာ အချုပ်အခြာ၊ အာဏာအတွက် စိတ်ပူစရာအကောင်းဆုံးကတော့ ကျားဖြန့်အကြောင်းပြပြီး တရုတ်အတွက် နယ်မြေသိမ်းခဲ့တဲ့ ရှမ်းမြောက်က ကိုးကန့်နဲ့ တအာင်းလက်နက်ကိုင်သိမ်းခံရတဲ့ မြို့တွေအပြင် လာမဲ့ ၂၀၅၀ ပြည့်နှစ်လောက်မှာ ပင်လယ်ရေလွှမ်းမိုးခံရနိုင်လို့ Great Bengal အိပ်မက်မက်ပြီး ရခိုင်နယ်မြေလိုချင်နေတဲ့ ဘင်္ဂလားဒေ့ရှ်အနီး ရခိုင်မြောက်ပိုင်းက AA အသိမ်းခံနေရာတွေပါ။ ကျန်တဲ့ဒေသတွေဟာ ပြည်နယ်၊ ကိုယ့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကွန်ဖက်ဒရိတ်လောက်သာ တောင်းဆိုတဲ့သဘောမျိုးမြင်ရပေမဲ့ ရှမ်းမြောက်နဲ့ ရခိုင်ကတော့ အချုပ်အခြာအာဏာအတွက် စိုးရိမ်ရမဲ့အခြေအနေပါ။ လက်ရှိအချိန်မှာ တပ်မတော်ဟာ ကမ္ဘာ့အဆင့် ၃၅ မှာ ရှိနေတယ်ဆိုပေမဲ့ တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ထားရတာ၊ ဒရုန်းတပ်ရင်းတွေ ဖွဲ့လာတယ်ဆိုပေမဲ့ အားကောင်းအောင် တိုးချဲ့ဖို့လိုနေတာ၊ စစ်မပြုတော့တဲ့ ဒေသတွေ ဗဟိုအစိုးရအောက်မှာပဲ ငြိမ်သက်အောင်လုပ်ထားပြီး တခြားလက်နက်ကိုင်တွေကို ထောက်ပို့မလုပ်အောင် တားနိုင်ဖို့လိုနေတာကို မြင်တွေ့နေရသလို အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံထက် စစ်စရိတ်ပိုသုံးလို့ GFP မှာ မြန်မာထက်ပို အဆင့်မြင့်နေတဲ့အပြင် သူတို့မကျုးကျော်ရဲအောင်လုပ်ရမဲ့အပြင် အချုပ်အခြာအာဏာအတွက် နယ်မြေခွဲထွက်ချင်နေတဲ့ စစ်ဘုရင်တွေကို တည်ဆဲအခြေခံဥပဒေနဲ့ထိန်းကျောင်းဖို့ Legitimacy ရှိတဲ့ ရွေးကောက်ခံအစိုးရပေါ်ထွန်းဖို့ ရွေးကောက်ပွဲမဖြစ်မနေလုပ်ပေးဖို့လည်း လိုအပ်နေတာကို တွေ့မြင်ရပါတယ်။
◾ တစ်ကျော့ပြန်မြစ်ဆုံ
ကုန်းတွင်းပိတ် လာအိုနိုင်ငံဟာ ရေအားလျှပ်စစ်ထုတ်ရောင်းပြီး မြန်မာပြည်ထက် GDP သာနေသလို မြန်မာကလည်းလာအိုက လျှပ်စစ်ဝယ်ဖို့ ကြိုးပမ်းနေရလို့ လာအိုအောက်တောင် မြန်မာတွေရောက်နေပြီလို့ ချိုးနှိမ်ခံနေရပါတယ်။ လက်ရှိအခြေအနေကလည်း မြန်မာနိုင်ငံဟာ တပ်ဆင်အင်အားရဲ့ ထုတ်လုပ်နိုင်မှုတစ်ဝက်တောင် မထုတ်လုပ်နိုင်ဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ အရင်းအမြစ်အများစုက NUG နဲ့ PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဖျက်ဆီးမှုကို ခံနေရတာပါ။ ဒါကြောင့် မြစ်ဆုံဟာ တစ်ကျော့ပြန်လာနိုင်တဲ့ အခြေအနေလည်းဖြစ်နေပြီး မြစ်ဆုံစီမံကိန်းအတွက် မြန်မာ-တရုတ်အစိုးရတွေကြား ညှိနှိုင်းရေးဦးဆောင်ကော်မတီကို ပြန် ဖွဲ့လာပြန်တာ တွေ့ရပါတယ်။
ကျောက်မီးသွေးလည်း လက်မခံ၊ ရေအားလည်း မထုတ်ရဆိုတဲ့ မြန်မာနိုင်ငံမှာ ဖျက်ဆီးမှုတွေကလည်းရှိနေတော့ တစ်ခုခုကို ဆုံးဖြတ်ရတော့မဲ့ အခြေအနေလည်းဖြစ်နေပြီး ဒီအခြေအနေအတွက် တရုတ်နဲ့ မြစ်ဆုံကို ပြန်ညှိနှိုင်းဖို့ ဖြစ်လာတာလို့လည်း တွေးရမှာဖြစ်သလို ကျော်ဖြတ်ရမဲ့ အခက်အခဲတွေကလည်း အများကြီးပါ။ မြစ်ဆုံတည်နေရာကို ထိန်းချုပ်ထားနိုင်တာက KIA ဖြစ်နေသလို အကျိုးအမြတ်ခွဲဝေမှုတွေကလည်း ပိုရှုပ်လာဦးမဲ့သဘောမျိုး မြင်ရပြန်ပါတယ်။
NLD အစိုးရဟောင်းလက်ထက်မှာလည်း မြစ်ဆုံကို ပြန်လုပ်ဖို့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပေမဲ့ NLD အစိုးရဟောင်းအဖွဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုပေးထားတဲ့ ကတိမတည်ခဲ့ဘဲ ကော်မရှင်အစီရင်ခံစာကို ချမပြခဲ့တာကြောင့် ကော်မရှင်က မြစ်ဆုံဆက်လုပ်သင့်မလုပ်သင့် ဘယ်လို အကြံပြုခဲ့တယ်ဆိုတာကို ပြည်သူတွေက မသိရတော့ပါဘူး။ ဒါပေမဲ့လည်း NLD အစိုးရဟောင်းဖြုတ်ချမခံရခင်မှာ အစိုးရအဖွဲ့ပါတဲ့သူတွေနဲ့ NLD ထိပ်ပိုင်းတာဝန်ရှိသူတွေက မြစ်ဆုံပြန်လုပ်ဖို့ လေသံပစ်ခဲ့တာကြောင့် မြစ်ဆုံစီမံကိန်း ပြန်စတော့မယ်လို့ ရိပ်မိသူတွေရှိခဲ့ပေမဲ့ နိုင်ငံရေးအကျပ်အတည်းမှာ တစ်ခန်းရပ်သွားရာက ပြီးခဲ့တဲ့ ဧပြီလမှာ ကော်မတီဖွဲ့ပြီး တစ်ကျော့ပြန်လာခဲ့တာပါ။
သေချာတာကတော့ SAC အစိုးရအနေနဲ့လည်း မြေပြင်အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရဟောင်း ချမပြခဲ့တဲ့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်ကို စိစစ်သုံးသပ်ပြီးတော့ NLD အစိုးရဟောင်းလုပ်သွားခဲ့တဲ့ အစီရင်ခံစာနဲ့ ဆက်လက်ကိုင်တွယ်မယ်ဆိုတဲ့ အလားအလာမြင်နေရတာပါ။ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်တာကြောင့် တရုတ်နဲ့ မြန်မာအကြီးအကျယ် ဆက်ဆံရေးအဆင်မပြေချိန်မှာတောင် အမေရိကန်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီ တိုးတက်အောင်၊ မြန်မာ နိုင်ငံဖွံ့ဖြိုးအောင် ကူညီတာမရှိဘဲ Back Wave ရိုက်ဖို့ပဲ ISP လို အမည်ခံသုတေသနအဖွဲ့တွေနဲ့ မီးမွှေးခဲ့တာ မြင်ခဲ့ရသလို လက်ရှိမှာလည်း လျှပ်စစ်ဓာတ်အား အရင်းအမြစ်တွေကို ဖျက်ဆီးနေတာက အမေရိကန်ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေပါပဲ။ ဒီလိုမျိုး ဖျက်ဆီးနှောင့်ယှက်မှုပဲလုပ်နေတဲ့ အမေရိကန်ကို ဆက်ယုံနေမယ်ဆိုရင် မီးမရတဲ့ဒုက္ခ အရင်ထက် ပိုကြုံရမှာဖြစ်သလို မြစ်ဆုံကို လုပ်မယ်ဆိုလည်း မြန်မာ့မြို့ပေါင်း ၂၆၀ ကျော် ချိတ်ဆက်ထားတဲ့၊ မြန်မာ့ဧရိယာ ၆၁ ရာခိုင်နှုန်းကို လွှမ်းမိုးထားပြီး မိုင်ပေါင်း ၁၃၇၃ မိုင်ရှည်လျားတဲ့ ဒီမြစ်ကြီး ဆည်ကျိုးကျတာမျိုး တစ်ခုခုဖြစ်ရင် တစ်နိုင်ငံလုံး ဘေးဒုက္ခခံရတာလည်း ရင်ဆိုင်ရနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ ရေအားလျှပ်စစ်စီမံကိန်းတွေ လုပ်မယ်ဆိုရင် မြစ်ဆုံလို ဆိုးကျိုးများပြီး လူထုလက်မခံတဲ့ မြစ်မျိုးထက် သံလွင်မြစ်လို ထိပါးမှုနည်းပြီးရေစီးသန်တဲ့ နေရာမျိုးတွေသာ လုပ်ဆောင်တာက ပထဝီနိုင်ငံရေးအရ အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိကြောင်းတင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။