October 21, 2024

၂၃.၅.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ်၊ မဲနယ်တောင် ရွာသစ်လမ်းခွဲထိပ်တွင် လိုက်ထရပ်ယာဥ်တစ်စီး ပေ ၁၂၀၀ ခန့်နက်သော ချောက်ထဲကျ တိမ်းမှောက်ရာမှ လိုက်ပါလာသူ ၄ ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ပင်လောင်းမြို့နယ် ပင်သပြေရွာမှ ဒေသခံ ၂၁ ဦးလိုက် ပါလာသော လိုက်ထရပ်ယာဥ်မှာ မေလ ၂၁ ရက်က ဟိုပုံးမြိုနယ် ကျောက်တန်းရွာသို့အသွား လမ်းခုလတ်တွင် စလစ်ဖြစ်ကာ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်​သည်။

“ဖြစ်တဲ့နေ့က မိုးကလည်းရွာထားတယ်။ လမ်းကလည်းချော်နေပုံပဲ။ ကားက လမ်းအကွေ့မှာ ဘယ်ကိုကွေ့ရမှာ ညာဘက်ကို ကွေ့လိုက်တာကြောင့် ချောက်ထဲဆင်းသွားတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

ကားချောက်ထဲကျ တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ ၂၁ ဦးလုံးထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၇၀ အရွယ် ဦးချိန်၊ အသက် ၄၀ ကျော် ဒေါ်ခင်ကီ၊ အသက် ၂၀ ကျော် ဒေါ်မူဝင်းတို့သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူအသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသမီး ၆ ဦးကို တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသစဥ် ၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း တောင်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

“ဟိုပုံးကနေ ​ဒဏ်ရာပြင်းထန်လို့ တောင်ကြီးစဝ်စံထွန်းဆေးရုံကို လူနာ ၆ ဦး ပို့တဲ့အထဲမှာ ခေါင်းထိထားတဲ့ ၂ ဦးထဲက ၁ ဦးထပ်ဆုံးသွားတာ”ဟု ကယ်ဆယ်​ရေး သွားရောက်ဆောင်ရွက်ခဲ့သည့် ကြက်ခြေနီအဖွဲ့ဝင် ၁ ဦးက ပြောသည်။

ကားချောက်ထဲကျ တိမ်းမှောက်ရာ​နေရာမှ ဒဏ်ရာရရှိသူများကို ဟိုပုံးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အဖွဲ့ဝင် ၂၀၊ ဒေသခံလူမှုကူညီ​ရေးအဖွဲ့များဖြစ်သော Our lovely Group၊ ကရုဏာရှင်အသင်း၊ ကံ့ကော်ပရဟိတအသင်းမှ အသင်းဝင်များနှင့်ဒေသခံများပါဝင်သော လူ ၄၀ ခန့်က ပူးပေါင်းကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *