October 21, 2024

၂၃. ၅. ၂၀၂၄
Written by Nyein Kyaw

၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၂၀ ရက်မှ စတင် ထုတ်ချေးပေးနေပြီး ယခင်ချေးငွေများ အပြေအကျေဆပ်ပြီးသူများ ချေးငွေများကို သက်ဆိုင်ရာခရိုင်/မြို့နယ် ဘဏ်ခွဲများတွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့တွင် အသိ‌ပေး ကြေညာထားသည်။

၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးများပါ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်နိုင်ကြပြီဖြစ်သည်။

“ချေးငွေက တစ်ဧကကို တစ်သိန်းခွဲရတာ။ ဒီဘက်မှာတော့ ဘာမှမပြောသေးဘူး။ အရင်နှစ်တွေတုန်းကတော့ ချေးငွေဆပ်ပြီးသူတွေထဲက လယ်ဧကအနည်းအများပေါ် မူတည်ပြီး ဧကဘယ်လောက်ရှိတဲ့သူတွေက ဘယ်နေ့လာတင်ဆိုပြီး ကြေညာပေးတယ်။ ဒီလိုထုတ်ပြန်ထားတယ်ဆို သိပ်မကြာဘူး လာကြေညာတော့မှာပါ” ဟု ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *