October 20, 2024

၂၃.၅.၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာ့နိုင်ငံအသီးသီး၏ စစ်အင်အားအခြေအနေများကို နှစ်စဉ်လေ့လာသုံးသပ်လျက်ရှိသည့် Global Fire Power အဖွဲ့၏ ၂၀၂၄ ခုနှစ်အတွက် သုံးသပ်ခန့်မှန်းချက်တွင် ကမ္ဘာ့နိုင်ငံ ၁၄၅ နိုင်ငံအနက် မြန်မာနိုင်ငံအတွက် စစ်အင်အားအဆင့်သတ်မှတ်ချက်မှာ အဆင့် ၃၅ တွင်ရှိကြောင်း သိရသည်။

Global Fire Power က ကမ္ဘာ့နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကာကွယ်ရေးနှင့်စစ်ရေးလူပ်ရှားမှုများ၊ စစ်ဖက်အသုံးစရိတ်၊ စစ်ဘက်ဆိုင်ရာလက်နက်ပစ္စည်းအမျိုးမျိုးပိုင်ဆိုင်မှု၊ ပထဝီနိုင်ငံရေးအခြေအနေ၊ ပို့ဆောင်ထောက်ပံ့နိုင်မှု၊ သဘာဝအရင်းအမြစ်၊ နိုင်ငံ၏စီးပွားရေးအင်အားစသည့် အချက်အလက်များကို အခြေခံကာ အညွှန်းကိန်းတွက်ချက်၍ နိုင်ငံ၏စစ်အင်အားကိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်အတွက် Global Fire Power ၏ ထိုသို့သုံးသပ်ခန့်မှန်းချက်တွင် ကမ္ဘာ့နိုင်ငံများအနက် ထိပ်ဆုံးလေးနိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က အပြောင်းအလဲမရှိဘဲ ထိပ်ဆုံးလေးနေရာတွင်ဆက်လက်ရပ်တည်နေသည်။ သို့သော် ၂၀၂၃ ခုနှစ်က အဆင့် ၆ တွင်သာရှိခဲ့သော တောင်ကိုရီးယားက ၂၀၂၄ ခုနှစ်တွင် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံကို ကျော်တက်ကာ အဆင့် ၅ နေရာကိုရယူ၍ ထိပ်ဆုံးငါးနိုင်ငံတွင်ပါဝင်လာခဲ့သည်။ အဆင့် ၉ တွင်ရှိခဲ့သော ပြင်သစ်နိုင်ငံကလည်း အဆင့် ၁၁ သို့လျော့ကျကာ တူရကီက အဆင့် ၈ သို့မြင့်လာပြီး ထိပ်ဆုံးဆယ်နိုင်ငံတွင်ပါဝင်လာသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားက အဆင့် ၁၃ ဖြင့်အမြင့်ဆုံးဖြစ်ပြီး ဗီယက်နမ်က အဆင့် ၂၂၊ ထိုင်းက အဆင့် ၂၅၊ စင်ကာပူက အဆင့် ၃၀ နှင့် ဖိလစ်ပိုင်က အဆင့် ၃၄ အသီးသီးတွင် ရပ်တည်နေသည်။ ထို့နောက်တွင်မူ မလေးရှားက အဆင့် ၄၂၊ ကမ္ဘောဒီးယားက အဆင့် ၁၁၁ နှင့် လာအိုက အဆင့် ၁၁၂ တွင် ရှိနေကြသည်။

မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ် ခန့်မှန်းချက်တွင် အဆင့် ၃၈ ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် အဆင့် ၃၅ သို့ တိုးမြင့်လာခဲ့ခြင်းလည်းဖြစ်သည်။

Ref- Global Fire Power

Leave a Reply

Your email address will not be published. Required fields are marked *