October 20, 2024

၂၃.၅.၂၀၂၄
Written By Thandar

ယခင်က အိမ်ရှင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာကျင်းပမယ်လို့ ကြေညာထားခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပတော့မှာမဟုတ်ဘူးလို့ Miss Grand International အဖွဲ့အစည်းက တရားဝင်ကြေညာလာပါတယ်။

“ဆုံးရှုံးမှုတွေ အများကြီး။ ငွေကြေးတွေများစွာ သိန်းကို ထောင်လတ်အပိုင်းထိရော အပါအဝင် ကြားထဲက စွန့်လွတ်ခဲ့တာပါ။ လုပ်ငန်းရှင်များလည်း ခဏစောင့်ပေးပါ။ အဆင်ပြေအောင် ရှင်းပေးပါ့မယ်ဗျ။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို အားလုံး သဘောကျနိုင်ပါစေ”လို့ Miss Grand Myanmar ရဲ့ National Director ထူးအံ့လွင်က ပရိသတ်သိအောင်ပြောလာပါတယ်။

၂၀၂၄ ခုနှစ်အတွက် Miss Grand International ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပခဲ့တဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ တရားဝင်ကြေညာခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ၂၀၂၄ ခုနှစ်အတွက် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအနေနဲ့ ကျင်းပသွားမယ်လို့ မြန်မာအလံနဲ့တကွ ဂုဏ်ယူဝံ့ကြွားစွာ National Director ထူးအံ့လွင်က ပရိသတ်ကို ချပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Miss Grand International 2024 ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပဖို့ လျာထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း လက်တင်အမေရိက၊ ဟွန်ဒူးရပ်အလှမယ် Cecilia Isabel ဟာ စစ်ပွဲတွေကြားက မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် Miss Grand International 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘဲ နုတ်ထွက်တယ်လို့ဆိုကာ Crown ကိုလည်း ပြန်အပ်လိုက်တဲ့ဖြစ်စဥ်တွေဖြစ်အပြီးမှာတော့ Miss Grand International 2024 ပြိုင်ပွဲကို မြန်မာနိုင်ငံမှာမကျင်းပဖို့ ဆုံးဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

အဆိုပါ Miss Grand International 2024 အလှမယ်ပြိုင်ပွဲကြီးကိုတော့ လာမယ့်အောက်တိုဘာလမှာ ကျင်းပမှာဖြစ်ပြီး ဘယ်နိုင်ငံမှာ အိမ်ရှင်အနေနဲ့ ကျင်းပမယ်ဆိုတာကိုတော့ တရားဝင် ထပ်မံကြေညာပေးမယ်လို့ သိရပါတယ်။ Miss Grand International 2024 ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရသူ အလှမယ် သဲစုညိမ်းက ဝင်ရောက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *