October 20, 2024

၂၃.၅ .၂၀၂၄
Written by Hey Mar

ကားနဲ့ဆိုင်ကယ် မတော်တဆဖြစ်ပွားရာက ဆိုင်ကယ်စီးလာတဲ့မိသားစုသုံးဦးက နှစ်နှစ်အရွယ်ကလေးငယ် နေရာတင်သေဆုံးပြီး မိခင်နဲ့ သမီးငယ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် မနေ့က မေလ ၂၂ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မိုးကောင်းလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်မှာ သုဝဏ္ဏဝတီမြို့၊ တံတားဦးကျေးရွာအုပ်စု၊ ငုတ္တိုလမ်းဝရှေ့၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ် မှာဖြစ်ပွားခဲ့ပြီး ဘီးလင်းဘက်ကနေ သထုံဘက်ကို ယာဉ်မောင်းအောင်မြင့်ဟိန်း(၂၅)နှစ်ဆိုသူ မောင်းနှင်လာတဲ့ Trailblazer (အနက်ရောင်)ယာဉ်က သထုံဘက်ကနေ သားအမိသုံးဦးစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းတိုက်မိတာလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာတဲ့ မိုးကောင်းကျေးရွာအုပ်စု၊ ကျွန်းလေးကျေးရွာနေ သားအမိသုံးဦးဖြစ်ကြတဲ့ မိခင် မရတနာထွေး၊ သားသမီးနှစ်ဦးဖြစ်တဲ့ မချစ်စနိုးဦး (၅)နှစ်နဲ့ အသက်(၂)နှစ်အရွယ် မောင်အောင်သူရတို့မှာ ဦးခေါင်း၊ မျက်နှာ၊ ခြေလက်တွေမှာ ပြင်းထန်ထိခိုက်ဒဏ်ရာတွေအသီးသီးရရှိခဲ့ကြတယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မိုးကောင်းလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

မိုးကောင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကလေးက အမေ့ရင်ခွင် ရှေ့ကနေ ထိုင်လိုက်လာတော့ ကားနဲ့တိုက်တဲ့အခါ သားအမိနှစ်ဦးလုံး ကားအောက်က ဆွဲထုတ်ရတယ်။ မိန်းကလေးငယ်က နောက်ကဆိုတော့ လွင့်ကျတာ။ သူလည်း ဒဏ်ရာပြင်းတယ်။ အသက်နှစ်နှစ်အရွယ်ကလေးငယ်လေးက သိမ်ဆိပ်ဆေးရုံအရောက် ဆုံးတယ်။ အမေကလည်း လက်က သုံးပိုင်းလောက်ကျိုးထွက်ပြီး ပြင်းထန်ဒဏ်ရာဆိုတော့ သထုံကို ထပ်လွှဲလို့ လိုက်ပို့ထားပါတယ်။ နောက်ဆက်တွဲတော့ ထပ်မသိရသေးပါဘူး”လို့ MT News ကို ပြောပါတယ်။

အဆိုပါဖြစ်စဥ်ကို သိမ်ဆိပ်ရဲစခန်းက ယာဉ်(ပ) ၈/၂၀၂၄- ရာဇသတ်ကြီးပုဒ်မ-၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄(က) အရ အမှုဖွင့်အရေးယူပြီး အမှုစစ်က အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိ​တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *