October 21, 2024

၂၃.၅.၂၀၂၄
Written By Thandar

Comedy Drama သဘာဝကျကျဇာတ်လမ်းပုံစံ “ကင်း” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးမှုနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မေလ ၂၃ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ My Garden Restaurant မှာ ကျင်းပခဲ့ပါတယ်။

“ကင်းရုပ်ရှင်ဇာတ်ကားမှာက အမေချို(ခ) ချိုပြုံးနဲ့က သားအမိပေါ့နော်။ ရိုးရိုးသားသား သားအမိနှစ်ယောက်ရဲ့ သာမာန်ဘဝ ဇာတ်လေးပုံစံလေးပါ။ မင်းသားငါးယောက်နဲ့ကလည်း မိသားစုပုံစံလေးပါ။ ဒရာမာလေးဖြစ်သလို ဟာသလေးလည်းပါတော့ ပရိသတ်ကြည့်ရတာ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေး တစ်ကားပါ။ စာရေးဆရာဗျူးရဲ့ ဝတ္ထုကို ရိုက်မှာဆိုတော့ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ တစ်ကားလုံးမှာ သူ့ကာရိုက်တာနဲ့ သူလုပ်ကွက်ရမယ့် ဇာတ်လေးပါ။ ရိုက်မယ့် ဒါရိုက် တာကလည်း ကိုယ့်ခင်မင်ရင်းနှီးတဲ့ ဒါရိုက်တာ စိုးမိုးမင်းက ရိုက်မှာဆိုတော့လေ ဇာတ်လေးက စိတ်ဝင်စားစရာကောင်းပါတယ်” လို့ အကယ်ဒမီ မေမြင့်မိုရ် က ပြောပါတယ်။

အောင်ခေတ်မင်းထုတ်လုပ်ရေးကထုတ်လုပ်မှာကို ဝတ္ထု ဗျူး၊ ဇာတ်ညွှန်း ဖိုးကျော် (သန်လျင်)ရေးသားပြီးတော့ ဒါရိုက်တာ စိုးမိုးမင်းက Comedy Drama သဘာဝကျကျ ဇာတ်လမ်းပုံစံ ဇွန်လ ၂ ရက်နေ့ကစ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် ကျော်ထက်ဇော်၊ တေဇလင်းရောင်၊ ဘုန်းမင်းနေလ၊ ဝင်းခန့်မိုး၊ ဝီလီ၊ အကယ်ဒမီ မေမြင့်မိုရ်၊ အကယ်ဒမီ ချိုပြုံး၊ ကြယ်စင်ဖြူ၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ ဧည့်သည်သရုပ်ဆောင် ဇွဲပြည့်၊ နေဆန်း၊ ဇော်ဝင်းနိုင်၊ သူဇာပွင့် စတဲ့သရုပ်ဆောင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *