October 21, 2024

၂၃.၅.၂၀၂၄
Translated by Htwe Ko Tun

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း၊ နျူဗိုလီယွန်ပြည်နယ်အတွင်းရှိ မွန်တာရီမြို့ကြီး၏အနီးမှ ဆန်ပီဒရိုဂါဇာဂါစီယာမြို့တွင် သမ္မတရွေးကောက်ပွဲမဲဆွယ်ရေး လူထုလှုပ်ရှားမှုတစ်ရပ်ပြုလုပ်နေကြစဉ် ဟောပြောပွဲစင်မြင့်ပြိုကျခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံး၍ ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောခဲ့သည်။

ထိုဖြစ်ရပ်မှာ ဗဟိုလက်ဝဲယိမ်းဝါဒီ သမ္မတလောင်းတစ်ဦးဖြစ်သူ ဂျော့ဂျ်အယ်လ်ဗာရက်ဇ်မေနက်ဇ်က မဲဆွယ်ဟောပြောနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မစ္စတာမေနက်ဇ်မှာ စင်မြင့်ပြိုကျမှုကြောင့် ဒဏ်ရာရရှိခြင်းမရှိဘဲ ဖြစ်ရပ်အပြီးတွင် ၎င်းအားထောက်ခံသူများသို့ စကားပြောကြားနေသည်ကို တွေ့ရသည်။

မေနက်ဇ်က ဟောပြောပွဲစင်မြင့်ပြိုကျရခြင်းမှာ ရုတ်တရက်လေပြင်းတိုက်ခတ်မှုတစ်ရပ်ကြောင့်ဖြစ်ကြောင်းလည်း လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။ ဗီဒီယိုရိုက်ကူးမှုများအရ စင်မြင့်ပြိုကျသည့်အချိန်တွင် စင်မြင့်ပေါ်၌ လူအချို့ ရှိနေကြသည်ကို တွေ့ရသည်။ ၎င်း၏အဖွဲ့မှ အချို့ဒဏ်ရာရခဲ့ကြောင်းလည်း မေနက်ဇ်က ပြောခဲ့သည်။

၎င်းက မက္ကဆီကိုနိုင်ငံတွင် တတိယအကြီးဆုံးပါတီဖြစ်သည့် Citizen’s Movement Party မှ ဖြစ်ကာ ဇွန်လ ၂ ရက်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ထောက်ခံမှု တတိယနေရာတွင်ရှိနေသူဖြစ်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဆာမျူရယ်လ်ဂါစီယာကလည်း ဒေသအတွင်း မိုးကြိုးပစ်မှုများနှင့် လေပြင်းတိုက်ခတ်မှုများဖြစ် ပွားနေခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိတို့အိမ်များ၌သာနေထိုင်ကြရန် တိုက်တွန်းမှု ပြုထားသည်။

Ref- BBC

Leave a Reply

Your email address will not be published. Required fields are marked *