October 21, 2024

၂၃. ၅. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်းရွှေဈေး ကျပ် ၅၂ သိန်းနီးပါးအထိ မြင့်တက်နေ၍ ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေးတိုင်း ရွှေအရောင်းအဝယ်ရွှေစျေးကွက်အား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ရပ်နားထားတာဟုတ်တယ်။ ဥက္ကဋ္ဌကနေ လောလောဆယ် အရောင်းအဝယ်မလုပ်ကြနဲ့ပေါ့။ အရောင်းအဝယ်နားထားရင် သူ့ဟာသူကျသွားမယ်ပေါ့။ ကုန်စည်စီးဆင်းမှုနည်းရင် သူဟာသူကျသွားမှာပေါ့။ လာဝယ်ရင်လည်းမရောင်းနဲ့ လာရောင်းရင်လည်း မဝယ်ကြဘဲ အရောင်းရောအဝယ်ရော နားထားတယ်” ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်တစ်ဦးက MT News သို့ ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်အသင်းဝင်များအနေဖြင့် မန္တလေးတိုင်းရွှေဈေးကွက်အတွင်း ရွှေအရောင်းအဝယ်အား ခေတ္တရပ်နားထားသည်ဆိုသော်လည်း မည်သည့်အချိန်အထိ ရပ်နားထားမည်ဆိုခြင်းနှင့် ရွှေဈေးနှုန်းမည်မျှကျဆင်း သည်အထိ ရပ်နားထားမည်ဆိုခြင်းကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

ဒေါ်လာ ၂၄၅၀ နီးပါးအထိ မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေး လက်ရှိအချိန်တွင် ဒေါ်လာ ၂၃၇၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေး လိုက်ပါကျဆင်းမှုမရှိဘဲ မေလ ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၁၉၀,၀၀၀ ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိသည့်အပြင် ဈေးနှုန်းအသစ် ထုတ်ပြန်ခြင်းများကိုပါ ရပ်နားထားခြင်းဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၂ သိန်းနီးပါးသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ယနေ့ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ၃,၉၉၈,၉၀၀ ကျပ်ထက် ကျပ် ၁၂ သိန်းနီးပါး မြင့်တက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *