October 21, 2024

ပုံစာ- ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှုကို တွေ့ရစဉ်။ (Photo- Ye Kyaw)

◾️ ယခုနှစ်တွင် မူလတန်းကျောင်းသားများအတွက် ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့

၂၃. ၅. ၂၀၂၄
Written by Ye Kyaw

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ မေလ ၂၃ ရက် (ယနေ့)မှစတင်၍ ကျောင်းအပ်လက်ခံနေပြီး လာရောက်အပ်နှံသူများပြားလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး မည်သည့်အခကြေးငွေမျှ မကောက်ရမည့်အပြင် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနက သတိပေးထားသည်။

ထို့ပြင် ယခုနှစ်တွင် မူလတန်းကျောင်းသား ကလေးငယ်များအတွက် ကျောင်းဝတ်စုံဝယ်ယူရာတွင် ယခင်နှစ်ထက် ဈေးနှုန်းကြီးမြင့်မှုနှင့် ဝယ်ယူရန်အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် ကျောင်းလာရောက်နှံသည့် မူလတန်းကျောင်းသားတစ်ဦးလျှင် ကျောင်းဝတ်စုံ တစ်စုံစီကိုပါ အခမဲ့ထည့်သွင်း‌ပေးခဲ့သည်။

“ကျောင်းဝတ်စုံက Grade 5 အထိ မူလတန်းကျောင်းသားအကုန်ပေါ့။ တစ်ယောက်ကို တစ်စုံပေးပါတယ်” ဟု ဗိုလ်တထောင်မြို့နယ် အ.ထ.က (၆) ကျောင်း၌ ကျောင်းအပ်လက်ခံနေသည့် ဆရာမတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကျောင်းဝတ်စုံများထောက်ပံ့ပေးမှုကြောင့် ဆင်းရဲနွမ်းပါးသည့် မိသားစုများ၏ ကျောင်းသားများအတွက် အဆင် ပြေမှုရှိခဲ့ပြီး ဗိုလ်တထောင် အ.ထ.က (၆) ၌ မြေးဖြစ်သူကို ကျောင်းလာအပ်ပေးသည့် အဘွားတစ်ဦးက “အသစ်ရတာဆိုတော့ ဘယ်လိုချည်သားပဲဖြစ်ဖြစ် တစ်နှစ်တော့ ကောင်းကောင်းဝတ်လို့ရတယ်လေ။ အပြင်မှာ ဈေးကြီးတော့ အဘွားတို့ဆို မူလတန်းကျောင်းသား နှစ်ယောက်ဆိုတော့ သက်သာသွားတာပေါ့” ဟု ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ‌ကျောင်းအပ်နှံရေး သီတင်းအပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၃ ရက် (တနင်္လာနေ့)တွင် ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *