October 21, 2024

၂၃.၅.၂၀၂၄
Translated by Htwe Ko Tun

ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၊ လန်ဒန်မြို့မှ စင်ကာပူမြို့သို့ ပျံသန်းလာစဉ် မေလ ၂၁ ရက်၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏အထက်ဝေဟင်၌ လေပြင်းဝဲဂယက်စီးကြောင်းတစ်ခု၏ ရိုက်ခတ်ခြင်းခံရကာ ဘန်ကောက်မြို့သို့ အရေးပေါ်ဆင်းသက်ခဲ့ရသော စင်ကာပူလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇-၃၀၀ ER လေယာဉ်မှ ခရီးသည် ၅၈ ဦးမှာ ဘန်ကောက်မြို့ရှိဆေးရုံသုံးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဆမ်မီတဝှေ့ချ် ဆရီနာခရင်ဆေးရုံက မေလ ၂၂ ရက် ညနေပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စင်ကာပူနိုင်ငံသားငါးဦးအပါအဝင် ခရီးသည် ၅၈ ဦးကို ဆေးရုံသုံးရုံ၌ လက်ခံကုသပေးနေရပြီး ၎င်းတို့အနက် ၂၀ ဦးမှာ ဆေးရုံနှစ်ရုံရှိ အထူးကြပ်မတ်ကုသခန်းများတွင်ရှိနေကြောင်းလည်း သိရသည်။ အခြား ၃၈ ဦးကိုလည်း အတွင်းလူနာများအဖြစ် ကုသပေးနေရသည်ဟု ကြေညာချက်က ဆိုသည်။ စင်ကာပူနိုင်ငံသားငါးဦးအနက် နှစ်ဦးမှာလည်း အထူးကြပ်မတ်ကုသခန်းများတွင် ရှိနေကြကြောင်း ဖော်ပြခဲ့သည်။

လူနာ ၅၅ ဦးအနက် ၄၁ ဦးက ဆမ်မီတဝှေ့ချ် ဆရီနာခရင် ဆေးရုံတွင်လည်းကောင်း၊ ၁၅ ဦးက ဆမ်မီတဝှေ့ချ် ဆူခွန်ဗစ် ဆေးရုံတွင်လည်းကောင်း၊ နှစ်ဦးက ဘန်ကောက်ဆေးရုံတွင်လည်းကောင်း ကုသခံနေကြကြောင်းလည်း သိရသည်။

လေပြင်းဝဲဂယက်စီးကြောင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့သော ခရီးသည်လူနာများအနက် ၂၇ ဦးကို မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်းလည်း စင်ကာပူလေကြောင်းလိုင်းက ပြောခဲ့သည်။

ဆေးရုံတင်ထားသည့် အဆိုပါလေယာဉ်ခရီးစဉ်မှ လူနာများအနက် မလေးရှားနိုင်ငံသားကိုးဦးမှာ ဆမ်မီတဝှေ့ချ် ဆရီနာခရင် ဆေးရုံနှင့် ဆမ်မီတဝှေ့ချ် ဆူခွန်ဗစ် ဆေးရုံတို့တွင် ရှိနေကြပြီး ၎င်းတို့အနက် ခြောက်ဦးမှာ အထူးကြပ်မတ်ကုသဆောင်များတွင် ရှိနေကြသည်ဟုလည်း ဘန်ကောက်မြို့ရှိ မလေးရှားသံရုံးက ပြောခဲ့သည်။

Ref-CNA

Leave a Reply

Your email address will not be published. Required fields are marked *