October 22, 2024

၂၃.၅.၂၀၂၄
Written By Zun

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ဘီးလင်း(မစောတံတား) ကို PDF များက ယနေ့နံနက်တွင် မိုင်းခွဲခဲ့သောကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတံတားမှာ ဘီးလင်းမြို့နယ် တောင်ကလေးရွာအထွက်တွင်ရှိသော “မစောတံတား”ဖြစ်ကြောင်း၊ တံတားမိုင်းခွဲခံရစဉ် တံတားပေါ်ဖြတ်သန်းနေသော မော်တော်ဆိုင်ကယ်သုံးစီးမှာ တံတားအောက်သို့ ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၆ နာရီလောက်က ဖုန်းဆက်လာလို့ ကျွန်တော်တို့အသင်းက အဲဒီနေရာကို သွားတာ။ ဆိုင်ကယ်သုံးစီး တံတားအောက်ကို ပြုတ်ကျသွားတယ်။ သုံးယောက်ဒဏ်ရာရတယ်။ တစ်ယောက် ဆုံးသွားတယ်။ အားလုံးကို ဘီးလင်းဆေးရုံကို ပို့လိုက်ပါတယ်။ အားလုံးက ခရီးသွားလာနေကြသူတွေပါ။ သေသွားတာက လူငယ်ပါပဲ။ တံတားက မိုင်းခွဲခံရတာပါ။ အဲဒီတံတားက ရန်ကုန်နဲ့ မော်လမြိုင် မိန်းလမ်းမကြီးပေါ်မှာရှိတဲ့ တံတားပါ။ အဓိကတံတား ဖြစ်ပါတယ်”ဟု ဘီးလင်းမြို့ ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်းတာဝန်ရှိသူက MT News ကို ပြောသည်။

အဆိုပါတံတားကို မိုင်းခွဲသည့်အဖွဲ့မှာ NUG လက်အောက်ခံ PDF အဖွဲ့ ဖြစ်ကြောင်းနှင့် အဆိုပါဒေသတွင် ခရီးသွားယာဉ်များ၊ လမ်း၊ တံတားများကို ဖျက်ဆီးလေ့ရှိကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

“အများပြည်သူ သွားလာနေတဲ့လမ်းတွေကိုတော့ မလုပ်သင့်ပါဘူး။ မဆိုင်တဲ့သူတွေအတွက် နစ်နာပါတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေလည်း ဒုက္ခရောက်တယ်။ ဒီလုပ်ရပ်မျိုးကို ကျွန်တော်က မကြိုက်ဘူး”ဟု ဘီးလင်းဒေ သခံတစ်ဦးက ဆိုသည်။

လတ်တလောတွင် အဆိုပါတံတားပေါ်မှ မည်သည့် ယာဉ်မျှ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *