၂၃.၅. ၂၀၂၄
Written by Shwe Phyo
ထိုင်းကျန်းမာရေး စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သော Thonburi Healthcare Group Plc (THG)သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရန်စီစဉ်နေပြီး မန္တလေးမြို့တွင် ဆေးရုံအသစ်တစ်ခုထပ်မံတည်ဆောက်ဖွင့်လှစ်သွားရန် စီစဥ်နေကြောင်း THG ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော ဒေါက်တာ တာနာတစ် ဆက်ပရာဒစ်က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် (THG) သည် ရန်ကုန်မြို့တွင် Ar Yu International Hospital အမည်ရှိ ကုတင် ၉၇ ခုဆံ့သော ဆေးရုံတစ်ခုတည်ဆောက်ကာ ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြောင်း သိရပြီး မြန်မာနိုင်ငံရှိ ၎င်းတို့ဆေးရုံများတွင် ကုတင်များပိုမိုတိုးချဲ့ရန်နှင့် ဆေးရုံအသစ်များထပ်မံတည်ဆောက်ရန် စဉ်းစားနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ကျန်းမာရေးကုသမှုနှင့်ပတ်သက်ပြီး တောင်းဆိုချက်များမြင့်တက်လာခဲ့ပြီးနောက် THG က မြန်မာနိုင်ငံ၏ ကျန်းမာရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် စီစဉ်လာခြင်းဖြစ်သည်။ ဘတ်ငွေတန်ဖိုးနှင့်နှိုင်းယှဉ်လျှင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် မြန်မာနိုင်ငံရှိလူနာများသည် ထိုင်းနိုင်ငံသို့ သွားရောက်ကုသရန်လည်း အခက်အခဲများရှိလာနေကြောင်း သိရသည်။
၎င်းက ” ကျွန်တော်တို့ဟာ အခွင့်အရေးကောင်းတွေရယူနိုင်ဖို့ မန္တလေးမြို့မှာ ဆေးရုံအသစ်တစ်ခုထပ်မံတည်ဆောက်ဖို့ စီစဉ်နေတယ်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ ဆေးဝါးကုသမှုနဲ့ပတ်သက်ပြီး ပိုမိုကူညီပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်မှာဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြည်ပစီးပွားရေးလုပ်ငန်းရှင်အချို့သည် မြန်မာနိုင်ငံအတွင်းလုပ်ငန်းများ လုပ်ကိုင်နေမှု ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ထိုင်း THG က လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ THG သည် မြန်မာနိုင်ငံအပြင် ဗီယက်နမ်နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ထပ်မံလုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
REF ,bangkokpost