၂၃. ၅. ၂၀၂၄
Written by MMAK
ရှုံးပွဲလုံးဝမရှိသေးသလို ဖလားရဖို့ရေပန်းစားနေတဲ့ လေဗာကူဆင်အသင်းကို Lookman ရဲ့ Hat-trick သွင်းဂိုးနဲ့အတူ သုံးဂိုးပြတ်ထိ ထိုက်ထိုက်တန်တန်အနိုင်ရကာ ယူရိုပါလိဂ်ဖလားကို အတ္တလန်တာအသင်းက ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီညမှာ အဓိကချီးကျူးရမဲ့သူ နှစ်ယောက်ရှိနေပြီး ပထမလူကတော့ Hat-trick သွင်းယူပေးသွားတဲ့ အသက် ၂၆ နှစ်အရွယ် အတ္တလန်တာ တောင်ပံကစားသမား Lookman ဖြစ်ပြီး ဒုတိယူလူကတော့ ဝါရင့်နည်းပြကြီး ဂတ်စပါရီနီ ဖြစ်ပါတယ်။
မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က အဲဗာတန်အကယ်ဒမီကနေ ထွက်ပေါ်လာပြီး အရည်အသွေးရှိပေမဲ့ အသက်ငယ်တာကြောင့်ရယ် လူကောင်သေးတဲ့အတွက် ပရီးမီးယားလိဂ်မှာ သိပ်အံမဝင်ဘဲ ပွဲထွက်ခွင့်သိပ်မရသေးတဲ့ Lookman ဆိုတဲ့ လူငယ်ချာတိတ်လေး တစ်ယောက်ကိုပေါ့။ ဒီညမှာတော့ ဟီးရိုးတစ်ယောက်ဖြစ်ခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်ပွဲကြီးမှာ ခြေစွမ်းကောင်းပါတယ် ရှုံးပွဲလုံးဝမရှိသေးဘဲ ဖလားယူထားပါတယ်ဆိုတဲ့ လေဗာကူဆင်အသင်းကို Hat- trick သွင်းယူကာ အတ္တလန်တာ အသင်းကို သမိုင်းတစ်လျောက် အမြင့်မားဆုံး အောင် မြင်မှုဖြစ်တဲ့ ယူရိုပါလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်စေခဲ့သူပါ။
လူငယ်နည်းပြ အလွန်ဆိုလည်း ဒီတစ်ခါတော့ ဝါရင့်နည်းပြကြီး ဂတ်စပါရီနီရဲ့ အတ္တလန်တာအသင်းကို ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ ပထမပိုင်းပွဲကစားချိန်တွေမှာ အတ္တလန်တာအသင်းက High-pressing ကစားပြီး တရစပ်ဖိအားပေးနေတာကြောင့် လေဗာကူဆင်အသင်း ဘာမှလုပ်မရခဲ့ဘဲ ပထမပိုင်း ၁၂ မိနစ်နဲ့ ၂၆ မိနစ်မှာတင် နှစ်ဂိုးပေးလိုက်ရပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်ဂိုးပြတ်နိုင်နေတဲ့ အတ္တလန်တာအသင်း ခံစစ်ပိတ်မကစားဘဲ High -pressing လိုက်ကစားပြီး ကျွံထွက်လာသမျှဘောလုံးတိုင်းကို အတ္တလန်တာကစားသမားတွေက ခပ်ကြမ်းကြမ်းဖျက်ထုတ်နေတာကြောင့် လေဗာကူဆင်အသင်း ဘောလုံးကိုင်ထားတယ်ဆိုရုံ တိုက်စစ်ဆင်နေတယ်ဆိုရုံသာ ရှိခဲ့ပြီး ဂိုးရနိုင်တဲ့ ဂိုးပေါက်ကန်သွင်းခွင့် မယ်မယ်ရရတောင် မရှိခဲ့ပါဘူး။ ပွဲချိန် ၇၅ မိနစ်မှာတော့ အနိုင်သေချာစေမဲ့ တတိယမြောက်သွင်းဂိုးကို အတ္တလန်တာအသင်းကပဲ ထပ်မံရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ရရှိလာတဲ့ဘောလုံးကို Lookman က ဘယ်ခြေနဲ့လှလှပပကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ လေဗာကူဆင်အသင်း ဂိုးပေါက်ကန်သွင်းခဲ့ သိပ်မရခဲ့သလို ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်သာရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လေဗာကူဆင်အသင်းက အတ္တလန်တာအသင်းရဲ့ ကစားပုံမှာ ဘယ်လောက်ထိ ဆုံးဆုံးမြုပ်ခဲ့သလိုဆိုရင် ပွဲချိန်မိနစ် ၈၀ လောက်မှ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာရှိခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး ဒီတစ်လုံးသာ ဂိုးပေါက်တည့်ကန်ချက် ရှိခဲ့တာဖြစ်ပါတယ်။ ပထပိုင်းမှာ ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်နဲ့ ဒုတိယပိုင်းမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြမ်သာ ရှိခဲ့ပါတယ်။ ဒီအချက်ကို ကြည့်တာနဲ့တင် ဂတ်စပါရီနီရဲ့ အတ္တလန်တာအသင်း ဘယ်လောက်ကောင်းသလဲဆိုတာ မြင်နိုင်ပါတယ်။ ဂတ်စပါရီနီရဲ့ ကစားကွက်ဖော်မြူလာအောက်မှာ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်း ခေါင်းမဖော်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နည်းပြကြီး ဂတ်စပါရီနီနဲ့ အသင်းသားအားလုံးကို ချီးကျူးသင့်ပါတယ်။
အဆုံးသတ်မှာတော့ အတ္တလန်တာအသင်း ထိုက်ထိုက် တန်တန် နိုင်ပွဲရခဲ့ပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သလို လေဗာကူဆင်အသင်းရဲ့ ပြိုင်ပွဲစုံရှုံးပွဲမရှိသေးတဲ့ စံချိန်ဟာလည်း ရပ်တန်သွားခဲ့တာကြောင့် လေဗာကူဆင်အသင်းအဖို့လည်း ဒီရာသီမှာ ဖလားသုံးလုံး ရှုံးပွဲမရှိရသွားနိုင်တယ်ဆိုတဲ့ တစ်ကမ္ဘာလုံးရဲ့ မျှော်မှန်းချက်ကို အတ္တလန်တာကို ဒူးထောက်ရင်း ပေးဆပ်လိုက်ရတာ သူတို့အဖို့လည်း ခါးသီးနေမှာပါပဲ….။