၂၂.၅. ၂၀၂၄
Written by Thettant
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂေါ်ရခါးရွာ ထရန်စဖော်မာဝန်းထဲ မီးကြိုး ဝင်ဖြတ်ခိုးတဲ့ အသက် ၄၀ ဝန်းကျင် သူခိုး ဓာတ်လိုက်သေဆုံးခဲ့မှု မနေ့ညကဖြစ်ပွားခဲ့ပြီး ဒီနေ့လယ်မှာ အလောင်းတွေ့ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မီးပျက်လို့ ထရန်စဖော်မာက ရှော့ခ်ဖြစ်မဖြစ် ဒေသခံတွေ သွားကြည့်ချိန် သူခိုးရဲ့အလောင်းကိုတွေ့ရှိပြီး ပရဟိတအသင်းဆီ အကြောင်းကြားလာတာကြောင့် သွားရောက် သယ်ဆောင်ခဲ့ရတယ်လို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကမ်းလင့်လက်များ ပရဟိတအသင်းက သွားရောက်သယ်ဆောင်ချိန်မှာ သေဆုံးသူက 11 KV ကြိုးတွေဖြတ်ခိုးထားတာကို တွေ့ရသလို တာဝန်ရှိသူတွေလည်း ရောက်နေတာကြောင့် အလောင်းကို ကျောက်မဲပြည်သူ့ဆေးရုံ ပို့ဆောင်ထားခဲ့သလို ပိုင်ရှင်မပေါ်တာကြောင့် မျက်နှာဖော်ပြထားရတယ်လို့လည်း ကူညီပေးတဲ့ပရဟိတအသင်းက ဖော်ပြထားပါတယ်။