၂၂.၅. ၂၀၂၄
Written by Phyo Wei
မြန်မာလူငယ်တွေကို ပြည်ပထွက်ခွင့်ပိတ်ထားတာကြောင့် ထိုင်းဘက်မှာ တရားဝင်လုပ်သားရှားပါးလာတဲ့ အခြေအနေဖြစ်လာသလို ကွန်တိန်နာယာဉ် ငှားရမ်းခတွေ တိုးမြှင့်တာ၊ အဝေးပြေးကုန်စည်ပိုဆောင်မှုတွေမှာ ဆက်ကြေးအဆမတန်ပေးနေရတဲ့ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် ကုန်စျေးနှုန်းအဆမတန်ထပ်တက်မဲ့ဖြစ်စဥ်တွေနဲ့ စီးပွားရေးကျဆင်းမှုကြောင့် ကြက်သားပေါက်နဲ့ တိရစ္ဆာန်အစာရောင်းချတဲ့ ကိုရီးယားကုမ္ပဏီ CJ Feed Myanmar ကုမ္ပဏီက လုပ်ငန်းတွေ ယာယီရပ်လိုက်တဲ့ဖြစ်စဉ်တွေ ဒီတစ်ပတ် တွေ့ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ထိုင်းကွန်ဒိုတွေကို မြန်မာနိုင်ငံသားတွေက ၂၀၂၄ ခုနှစ် ပထမ သုံးလပတ် ဝယ်ယူမှုမှာ ဘတ်ငွေ ၂ ဒသမ ၂ ဘီလျံကျော်ဖိုးအထိ ကြောက်ခမန်းလိလိဝယ်ယူခဲ့တာကြောင့် ရုရှားကို ကျော်တက်ပြီး ဒုတိယနေရာကို ရောက်လာသလို ဆက်လက်ဝယ်ယူဦးမဲ့ အလားအလာလည်းမြင်နေရတာကြောင့် ဘေးကင်းလုံခြုံမှုမရှိတဲ့နိုင်ငံမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီးရင်း ကျဆင်းနေတာက ဒီလိုမျိုး နိုင်ငံခြားငွေတရဟော စီးထွက်မှုတွေကြောင့်ဆိုတာကိုပါ တွေးဆနိုင်တဲ့ဖြစ်စဉ်တွေ တွေ့မြင်ရသလို ကမ္ဘာ့ရွှေစျေးမြင့်တက်လာတာအကြောင်းပြပြီး ပြည်တွင်းရွှေစျေးဟာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဖြစ်သင့်တယ်သတ်မှတ်တဲ့ ရည်ညွှန်းစျေးထက် ၁၁ သိန်းလောက် ဆွဲအတင်ခံထားပြီး ရွှေတစ်ကျပ်သား ၅၁ သိန်းကျော်နဲ့ ကြောက်ခမန်းလိလိခုန်တက်လာတဲ့ဖြစ်ရပ်တွေ တွေ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ PDF တွေ လုယက်မှာကြောက်လို့ မြ၀တီမှာ ပုဂ္ဂလိကဘဏ်တွေ ပြန်မဖွင့်ရဲသေးတဲ့အကြောင်း၊ SAC အစိုးရသုံးနှစ်အတွင်းမှာ မှောင်ခိုကုန်စည်ဖမ်းဆီးနိုင်မှုက ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ NLD အစိုးရဟောင်းလက်ထက် ဆယ်နှစ်ကာလထက် ၅ ဆကျော်ဖမ်းမိတဲ့အကြောင်းတွေအပြင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရုရှားနဲ့ ဆွေးနွေးနေတယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ ဘဏ်တွေက ကြောက်ရတဲ့ PDF
KNU နဲ့ PDF တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာကြောင့် ဒေသမတည်ငြိမ်လို့ မြဝတီမြို့မှာ ပုဂ္ဂလိကဘဏ် ၁၅ ခုက ဘဏ်ခွဲ ၂၀ ဖွင့်လှစ်ထားမှုကို ပုဂ္ဂလိကဘဏ် ၁၃ ခု ယာယီပိတ်သိမ်းခဲ့ရလို့ ပြည်သူတွေငွေလွှဲငွေပြောင်းအခက်ကြုံခဲ့ရသလို လက်ရှိမှာလည်း MCB ၊ CB Bank PCL ၊ Yoma ၊ MOB နဲ့ UAB ပုဂ္ဂလိကဘဏ် ၅ ခုပဲ ပြန်ဖွင့်ထားနိုင်တဲ့ အခြေအနေဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ KIA နဲ့ PDF တွေ ကောလင်းမြို့ကိုသိမ်းချိန်မှာ အစိုးရဘဏ်တွေရော၊ ပုဂ္ဂလိကဘဏ်တွေကငွေတွေကိုပါ လုယက်သွားခဲ့တာဖြစ်ပြီး ဒီလုယက်မှုမှာ ကျပ်ဘီလျံ ၅၀ ကျော်ဆုံးရှုံးခဲ့တာကြောင့်လည်း KNU နဲ့ PDF တွေက မြဝတီမြို့ကို သိမ်းဖို့ကြံစည်တိုက်ခိုက်ချိန်မှာ ပုဂ္ဂလိကဘဏ်တွေက ကြိုတင် ယာယီပိတ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေရာမှာ ကောလင်းမြို့သိမ်းချိန် အစိုးရဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေကို KIA နဲ့ PDF က ဖောက်ပြီး ငွေကျပ် ဘီလျံ ၅၀ လောက် လုယက်ချိန်မှာ ချက်ချင်းဝန်ခံခဲ့တာမဟုတ်ဘဲ မတတ်သာမှ NUG က ထုတ်ပြန်ခဲ့တာဖြစ်သလို အထိအနာဆုံးက ကျပ် ၃၂ ဘီလျံကျော် လုယက်ခံရတဲ့ ကမ္ဘောဇဘဏ်ပါ။ သူ့နောက်မှာ ဆယ်ဘီလျံနီးပါးလုယက်ခံရတဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နှစ်ဘီလျံနီးပါးလုယက်ခံရတဲ့ ဧရာ၀တီဘဏ်နဲ့ သိန်း ၃၀၀၀ နီးပါး လုယက်ခံရတဲ့ထွန်းကော်မာရှယ်ဘဏ်တို့အပြင် မြန်မာ့စီးပွားရေးဘဏ်ကလည်း ဆယ်ဘီလျံလောက် ဆုံးရှုံးသေးတာပါ။ ဒါ့အပြင် ဘဏ်လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကွန်ပျုတာတွေ၊ ဆော့ဖ်ဝဲတွေအကုန်လုံးကိုလည်း ဖောက်ထွင်း လုယက်သိမ်းယူသွားတာကြောင့် ဘဏ်လုပ်ငန်းစဉ်တွေက အပ်ငွေ၊ ထုတ်ငွေ၊ ငွေသားစီးဆင်းမှုကမောက်ကမဖြစ်ရတာမျိုးတွေ ဘက်စုံအခက်ကြုံတဲ့အခြေအနေမျိုးတွေလည်း ရင်ဆိုင်ခဲ့ရတာပါ။ ပြည်သူ့အပ်ငွေတွေ လုယက်အပိုင်စီးတဲ့ NUG က တစ်ချိန်ပြန်ပေးမယ်ကြေညာပေမဲ့ ဘဏ်တွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေတဲ့ ကမောက်ကမဖြစ်စဉ်ကြုံရတာပါ။ အထိအနာဆုံး ကမ္ဘောဇဘဏ်ဆို တစ်နှစ်တာမြတ်စွန်းနိုင်တဲ့ပမာဏထက်ကို နှစ်ဆလောက်ဆုံးရှုံးသွားတာပါ။ ဒါကြောင့်လည်း PDF တွေ မြို့သိမ်းတော့မယ်ဆိုတာနဲ့ မြို့စွန်နယ်ဖျားက PDF သိမ်းနိုင်ခြေရှိတဲ့ နေရာက ဘဏ်တွေ ပိတ်သိမ်းတာမျိုးတွေဖြစ်ကုန်လို့ နောက်ဆုံးတော့ အခက်ကြုံရတာ ပြည်သူပဲဖြစ်ရတော့တာပါပဲ။
◾ အရင်အစိုးရနှစ်ဆက်ထက် ၅ ဆကျော်ဖမ်းမိတဲ့ မှောင်ခိုကုန်သွယ်မှု
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ဧပြီလအထိ ၂၈ လအတွင်း ဖမ်းဆီးရမိမှုအမှုတွဲ ၁၂,၄၃၀ မှု၊ ခန့်မှန်းတန်ဖိုး ကျပ်ဘီလျံ ၂၅၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောလာတာပါ။
ဒီပမာဏဟာ ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်သက်တမ်းအတွင်း တရားမဝင်ကုန်သွယ်မှုဖမ်းဆီးရမိတာ ၂၆ ဘီလျံနီးပါးနဲ့ NLD အစိုးရဟောင်းငါးနှစ်သက်တမ်းအတွင်း ဖမ်းဆီးနိုင်မှု ၂၅ ဘီလျံလောက်ထက်ကို ၅ ဆနီးပါး သာလွန်ခဲ့တာဖြစ်ပြီး ကြပ်မတ်ဖမ်းဆီးနိုင်မှုကတော့ ချီးကျုးရမဲ့စွမ်းဆောင်မှုပါ။
ဒါတောင်အခြားတစ်ဖက်မှာ SAC ဒုတိယဥက္ကဋ္ဌကိုယ်တိုင် မှောင်ခိုကုန်သွယ်မှုဖမ်းဆီးသူတွေ အဂတိကင်းဖို့ မကြာခဏသတိပေးနေတာနဲ့ တရုတ်၊ ထိုင်းတို့တရားဝင်ကုန်သွယ်မှုစာရင်းမှာ မြန်မာ့တရားဝင်စာရင်းတွေထက် နှစ်ဆကျော်သုံးဆများနေတာ ထောက်ချင့်ရင် အခုဖမ်းမိမှုထက် အဆပေါင်းများစွာ ဖမ်းဆီးလို့ရနိုင်သေးတယ်ဆိုတာမြင်ရမှာပါ။ ဥပမာ တရုတ်တရားဝင်စာရင်းမှာ မြန်မာနဲ့ကုန်သွယ်မှုက ဒေါ်လာ ဘီလျံ ၃၀ ဖြစ်နေပြီး မြန်မာဘက်မှာ ဒေါ်လာ ၁၀ ဘီလျံပဲ တရားဝင်စာရင်းရှိနေရင် ဒေါ်လာဘီလျံ ၂၀ ဖိုးလောက်က တရားမဝင်ကုန်သွယ်မှုဖြစ်နေသလို အခြားတစ်ဖက်မှာလည်း ဒီတရားမဝင်ကုန်သွယ်မှုက လက်နက်ကိုင်တွေရဲ့ အဓိကဝင်ငွေဖြစ်နေပြီး စစ်ပွဲတွေဆက်လက်ဖန်တီးနေနိုင်တာမို့လို့ ဒါ့ထက်ပို ထိထိရောက်ရောက် ဆက်လက်တိုက်ဖျက်ပေးပါလို့ပဲ တောင်းဆိုရမှာပါ။
◾ ရုရှားနဲ့ဆွေးနွေးတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း
မြန်မာအစိုးရက တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုတွေကို လျှော့ချနေပြီး ရုရှားနိုင်ငံနဲ့ စစ်လက်နက်ပစ္စည်း အကူအညီပိုင်းနဲ့ အခြေခံဆောက်အဦစီမံကိန်းတွေ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို ကြိုးပမ်းနေသလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ ရေနံချက်စက်ရုံတည်ဆောက်ရေးအပြင် အခြားစွမ်းအင်စီမံကိန်းကိစ္စတွေကို ဆွေးနွေးဖို့ ရုရှားနိုင်ငံဆီ သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာအစိုးရက နိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်ဖို့အတွက် ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ကြိုးပမ်းနေသလို အဆိုပြုထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ရုရှားနဲ့မြန်မာနိုင်ငံကြားဆွေးနွေးရာမှာ မြန်မာအစိုးရက တစ်ရက်ကို ရေနံစည်ပေါင်း ၁ သိန်း ထုတ်လုပ်နိုင်မယ့် ရေနံချက်စက်ရုံအပြင် တန်ချိန် ၁၀ သန်းခန့်အထိ တင်ဆောင်ဖြတ်သန်းနိုင်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ စဉ်းစားနေတာပါ။
ဒီအခြေအနေအပေါ် တရုတ်နိုင်ငံကလည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရုရှားနိုင်ငံ ပါဝင်လာမှာကို စိုးရိမ်နေသလို ရုရှားနိုင်ငံပါဝင်လာမယ်ဆိုရင် တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့ ကျောက်ဖြူစီမံကိန်းကို ထိခိုက်လာမှာ စိုးရိမ်နေတာပါ။
လက်ရှိမှာ မြန်မာနိုင်ငံလိုအပ်တာက နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းဖို့ထက် ကိုယ်ကျိုးဦးစားပေးတဲ့ နိုင်ငံမျိုးထက် သီလဝါအထူးစီးပွားရေးဇုန်ကို တကယ်လုပ်ပေးပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းရေးကိုကြည့်တဲ့ ဂျပန်နိုင်ငံလို နှစ်ဖက်မျှ ရင်းနှီးမြှုပ်နှံမှုမျိုးကို လိုအပ်နေတာပါ။ ထိုင်းနိုင်ငံက အီတာလျံထိုင်းကုမ္ပဏီဟာ ဒီစီမံကိန်းဖြစ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိသလို ဂျပန်နိုင်ငံကလည်း NLD အစိုးရဟောင်းလက်ထက်မှာ ဖိတ်ခေါ်ခဲ့တာကို စိတ်မဝင်စားတဲ့အခြေအနေလည်းဖြစ်နေလို့ ထားဝယ်အထူးစီးပွားရေးဇုန်က အနှစ် ၂၀ လောက်ကြာနေတာတောင် မလည်ပတ်နိုင် အကောင်အထည်မပေါ်နိုင်ဖြစ်နေရတာပါ။
ဒါကြောင့် ရုရှားနဲ့ မြန်မာကြား ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးသာ မျှမျှတတ တကယ်ဖြစ်လာမယ်။ မြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်လာမယ်ဆိုရင် နိုင်ငံအတွက် သားရွှေအိုးထမ်းလာတဲ့အခြေအနေဖြစ်လာမှာဖြစ်ပြီး NLD အစိုးရဟောင်းလက်ထက် စာချုပ်ပြင်ဆင်ချုပ်ဆိုလိုက်တာကြောင့် နိုင်ငံနဲ့ ပြည်သူက ဒေါ်လာ တစ်ဘီလျံလောက် အကြွေးတင်သွားနိုင်တဲ့ တရုတ်လုပ်မဲ့ ကျောက်ဖြူစီမံကိန်းကိုတောင် ဆိုင်းငံ့လိုက်နိုင်တဲ့ အခြေအနေမျိုးပြန်ဖြစ်သွားမဲ့သဘောလည်း တွေ့မြင်ရပါတယ်။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံအကျိုးဖြစ်ထွန်းဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပံ့ပိုးတာမျိုး၊ ခိုင်းစေတာမျိုးကို သမိုင်းမှာရော ၁၀၂၇ စီမံကိန်းမှာပါ တွေ့မြင်ခဲ့ရတာကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်သာ ရုရှားပါဝင်မှုနဲ့ တကယ်အောင်မြင်လာခဲ့မယ်ဆိုရင် တရုတ်နိုင်ငံအဖို့လည်း လွတ်တဲ့ငါးကြီးရမှာ အသေအချာဖြစ်လို့ ထားဝယ်စီမံကိန်း အမှန်တကယ်အမြန်ဆုံးဖြစ်မြောက်ပါစေလို့ ဆုတောင်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။