October 20, 2024

၂၂.၅. ၂၀၂၄
Written by Shwe Phyo

ရုရှားနှင့်မြန်မာနိုင်ငံတို့သည် ယခုနှစ်အတွင်း ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF 2024) ကျင်းပချိန်ကာလအတွင်း နှစ်နိုင်ငံကြား ဗီဇာဖျက်သိမ်းကင်းလွတ်ခြင်း သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ရုရှားအခြေစိုက် မီဒီယာတစ်ခုဖြစ်သော Primamedia သတင်းဌာနက ဖော်ပြထားသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ဗလာဒီဗော့စတော့မြို့တွင်ကျင်းပမည်ဖြစ်ပြီး ရုရှား စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ဒုတိယဝန်ကြီးဖြစ်သူ ဒီမီထရီ ဗာခါရူကောဗ့်က”အရှေ့တောင်အာရှဒေသနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေနဲ့ ဗီဇာကင်းလွတ်ခွင့်ပြုတဲ့သဘောတူညီမှုစာချုပ်တွေ လက်မှတ်ရေးထိုးသွားမှာပါ။ခရီးသွားလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ဗီဇာကင်းလွတ်ခွင့် မိတ်ဆက်တဲ့သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးမှာပါ။ မြန်မာနိုင်ငံနဲ့ ဗီဇာကင်းလွတ်ခွင့်ပြုတဲ့သဘောတူညီမှုစာချုပ် ချုပ်ဆိုတာက အဓိကဦးစားပေးလုပ်ငန်းတစ်ခုလည်းဖြစ်တယ်။ အရှေ့ဖျားစီးပွားရေးဖိုရမ် နားချိန်အတွင်းမှာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဗီဇာကင်းလွတ်ခွင့်ပေးမယ့် သဘောတူညီမှုတွေကို စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ရုရှားနှင့်မြန်မာနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုများ တစ်ကျော့ပြန်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင်ရန်ကုန်-မန္တလေးနှင့် နိုဗိုစီဘရစ်မြို့တို့ကို လေကြောင်း ပျံသန်းပြေးဆွဲမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုံစာ။ မြန်မာ- ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် ဆွေးနွေးခဲ့စဥ်။

REF , primamedia

Leave a Reply

Your email address will not be published. Required fields are marked *