October 20, 2024

၂၂.၅.၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းတို့ ငွေစုငွေချေးအတွက်အစည်းအဝေးပြုလုပ်နေတာကို ပျူစောထီးတွေ အစည်းအဝေးလုပ်နေတယ်ဆိုပြီး မနေက မေလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းရဲ့ဇနီးနဲ့ ပုဂ္ဂလိကငွေချေးကုမ္ပဏီဝန်ထမ်းနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းက ပြန်လည်ခုခံတာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ အုတ်ဖို PDF တွေက အင်အားများလို့ ဦးခင်မောင်ဝင်းဟာ ကျည်ထိမှန်ပြင်းထန်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်သန်းသန်းနွယ်နဲ့အတူထိုင်နေတဲ့ အမျိုးသား၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့သလို နေအိမ်အတွင်းက သေနတ်အတို ၁ လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး၂ ခု၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတန်းတချို့ကို အုတ်ဖို PDF က လုယက် သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းဟာ စစ်မှုထမ်းဖို့လူစုပေးတာ၊ PDF တွေသတင်းစုံစမ်းပေးပို့တာကြောင့် သတ်ဖြတ်ရတာဖြစ်တယ်လို့ အုတ်ဖို PDF က အကြောင်းပြချက်ပေးထားပြီး ဒီလိုမျိုးထောက်တိုင်တွေနဲ့ အတူမနေဖို့သတိပေးထားပါလျက် အတူထိုင်နေတာကြောင့် ပစ်ခတ်ခံရလို့ သေဆုံးသွားသူ၂ ဦးဟာ ပုဂ္ဂလိကချေးငွေကုမ္ပဏီဝန်ထမ်းတွေလို့ သိရတဲ့အတွက် လွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့လည်း အုတ်ဖို PDF တွေကပြောပါတယ်။

ပုံစာ။ အုတ်ဖို PDF လုယက်သိမ်းယူခဲ့သောသက်သေများ။

Leave a Reply

Your email address will not be published. Required fields are marked *