October 20, 2024

လေဗာကူဆင်နဲ့ အတ္တလန်တာတို့ရဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

၂၂ . ၅ . ၂၀၂၄
Written by MMAK

ဒီနေ့ည မြန်မာစံတော်ချိန် မနက် ၁ နာရီ မိနစ် ၃၀ မှာဆိုရင် ဥရောပဘောလုံးလောကရဲ့ ဒုတိယဂုဏ်သိက္ခာအကြီးမားဆုံးဖလားဖြစ်တဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို
ဂျာမနီကလပ် လေဗာကူဆင်အသင်းနဲ့ အီတလီကလပ် အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ရဲ့အေဗီဗာကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ်  ရိုးမေးနီးယားနိုင်ငံသား အစ်ဗန်ကိုဗက်စ်က တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ဒီဖိုင်နယ်ပွဲစဉ်ဟာ အရင်နှစ်ဖိုင်နယ်ပွဲတွေနဲ့မတူဘဲ ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိသေးဘူးဆိုတဲ့ လေဗာကူဆင်အသင်းကြောင့် အခုဖိုင်နယ်ပွဲစဉ်ကို လူစိတ်စားမှု ပိုမိုမြင့်တက်နေတာတွေ့ရပါတယ်။ လေဗာကူဆင်အသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကတင် ဂျာမာန်ဘွန်ဒက်လီဂါ အမှတ်ပေးဖလားကို တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ဖလားရယူထားနိုင်ခဲ့ပြီး အတ္တလန်တာအသင်းနဲ့ ကစားမဲ့ ယူရိုပါလိဂ်ဖိုင်နယ်၊ ကိုင်ဇာစလော့တန်အသင်းနဲ့ကစားမဲ့ ပိုကယ်ဖလားဖိုင်နယ် နှစ်ပွဲလုံးကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ဥရောပဘောလုံးကမ္ဘာရဲ့ ဘယ်အသင်းမှ လုပ်မပြနိုင်သေးတဲ့ တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ဖလားသုံးလုံးရတဲ့အသင်းအဖြစ် စံချိန်တင် သမိုင်းဝင်မော်ကွန်းရေးထိုးတော့မှာ ဖြစ်ပါတယ်။

ပိုကယ်ဖလားဖိုင်နယ်ကန်ရမဲ့ ကိုင်ဇာစလော့တန်နဲ့ ပွဲစဉ်ဟာ လေဗာကူဆင်အသင်းအတွက် သိပ်အခက်အခဲမရှိဘူးလို့ ယူဆလို့ရပြီး တစ်ဆင့်နိမ့် ဂျာမာန် လိဂ်-2 ကလပ်အသင်းဖြစ်သလို အောက်တန်းလိဂ်မှာတောင် တန်းမဆင်းရဖို့အတွက် နောက်ပိုင်းပွဲစဉ်ငါးပွဲလောက်ကို အသည်းအသန်းရုန်းကန်လိုက်ရတဲ့အသင်းဖြစ်ပါတယ်။ ဒီဖလားဟာ လေဗာကူဆင်အသင်းရဖို့ 90% လောက်သေချာနေတာကြောင့် အတ္တလန်တာအသင်းနဲ့ ကစားရမဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ဟာ သူတို့အတွက် ပိုအရေးကြီးပါတယ်။ ဒီအတွက်ကြောင့် ယူရိုဖလားသာရခဲ့ရင် စံချိန်တင်မှတ်တမ်းတစ်ခု ပိုင်ဆိုင်ဖို့ အရမ်းနီးကပ်သွားမှာဖြစ်ပါတယ်။

ဝါရင့်နည်းပြကြီး ဂတ်စပါရီနီရဲ့ ဦးဆောင်မှုနဲ့အတူ
ယူရိုပါလိဂ်ဖိုင်နယ်အထိတက်လာခဲ့တဲ့ အတ္တလန်တာအသင်းကို လျော့တွက်လို့တော့မရပါဘူး။ သူတို့အသင်းဟာ ပေါ်တူဂီအမှတ်ပေးဖလား ချန်ပီယံဖြစ်ခဲ့တဲ့ စပို့တင်းအသင်း၊ ယူရိုဖလားရဖို့ ရေပန်းစားနေတဲ့ အင်အားကြီးကလပ် လီဗာပူးအသင်းနဲ့ ပြင်သစ်ကလပ် မာဆေးအသင်းတို့ကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့ပြီ ဖိုင်နယ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အတ္တလန်တာအသင်းမှာ နာမည်ကြီးကစားသမား သိပ်မရှိဘဲ အသင်းလိုက်ဖွဲ့စည်းပုံကောင်းမွန်မှုနှင့် ရှစ်နှစ်တာ နည်းပြခဲ့တဲ့ နည်းပြကြီး ဂတ်စပါရီနီရဲ့ ၃-၄-၁-၂ ဆိုတဲ့ကစားကွက်မှာ ကစားသမားတွေ လိုက်လျောညီထွေမှုနဲ့ အံ့ဝင်ခွင်ကျကစားတတ်တာကြောင့် အသင်းလိုက်ကစားပုံ ပိုကောင်းတဲ့အသင်းဖြစ်နေတာပါ။

လူငယ်နည်းပြ အလွန်ဆိုရဲ့လေဗာကူဆင်အသင်းမှာတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အရည်အသွေးမြင့် ကမ္ဘာ့အဆင့်ကစားသမားတွေ ရှိနေသလို အတ္တလန်တာအသင်းကလည်း အသင်းလိုက်ဖွဲ့စည်းပုံကောင်းတဲ့ အသင်းဖြစ်နေတာပါ။ ဒါပေမဲ့ အလွန်ဆိုရဲ့အသင်းက အတ္တလန်တာအသင်းထက် ပိုကောင်း ပိုသာတဲ့အချက်က လေဗာကူဆင်ကစားသမားတွေအကုန်လုံး ဂိုးသမားကလွဲလို့ ကျန်တဲ့ကစားသမားတွေ အကုန်လုံးက ဂိုးသွင်းနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ဒီအချက်ကလည်း ဒီရာသီမှာ လေဗာကူဆင်အသင်း ရှုံးပွဲမရှိစေတဲ့ အဓိကအချက်ဖြစ်နေပါတယ်။

ဒီနေ့ည ဗိုလ်လုပွဲမှာ စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံအရ လေဗာကူဆင်အသင်းက ပိုအသာရနေသလို အဆုံးအဖြတ်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်ကစားသမားနဲ့ တစ်သင်းလုံးရဲ့ကစားသမားတွေက ဂိုးသွင်းနိုင်တယ်ဆိုတဲ့အချက်က အတ္တလန်တာအသင်းထက် ပိုသာနေတာပါ။ နောက်တစ်ချက်က အတ္တလန်တာအသင်းဟာ ဗိုလ်လုပွဲတွေ သိပ်မကစားရတဲ့အတွက် ဗိုလ်လုပွဲအတွေ့အကြုံနည်းပါးပြီး ဖလားကံမစပ်တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျူဗင်တပ်အသင်းနဲ့ ကစားခဲ့ရတဲ့ ကိုပါအီတာလီယာ ဖိုင်နယ်ပွဲမှာဆို ဂျူဗင်တပ်အသင်းရဲ့ဖိုင်နယ်ပွဲသမ္ဘာကို မယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။ ဒီရာသီမှာဆို ဂျူဗင်တပ်အသင်းက ပုံစံကောင်းရှိမနေတာကြောင့် ဒီဖလားကို အတ္တလန်တာအသင်း ရယူသွားနိုင်မယ် ထင်ခဲ့ကြပေမဲ့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီပွဲစဉ်မှာ လေဗာကူဆင်အသင်းက တစ်လုံး ရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ပင်နယ်လ်တီထိရောက်မဲ့ပွဲလို့် မယူဆထားသလို မိနစ်ကိုးဆယ်အတွင်း လေဗာကူဆင်နိုင်ရင်နိုင် မနိုင်ရင် အချိန်ပို မိနစ်သုံးဆယ်မှာ အဆုံးအဖြတ်ပေးသွားနိုင်တယ်လို့ ယူဆထားပါတယ်။ နောက်သုံးရက်နေရင် ပိုကယ်ဖိုင်နယ်ပွဲကစားရမဲ့ လေဗာကူဆင်အသင်း မိနစ်ကိုးဆယ်အတွင်း အပြတ်ဖြတ်နိုင်ဖို့ ကြိုးစားလာနိုင်တာကြောင့် မိနစ်ကိုးဆယ်အတွင်းမှာလည်း အဖြေပေါ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖက်ဖက်ကပိုသာတဲ့ လေဗာကူဆင်အသင်း ပွဲချိန်အတွင်းမှာ အနိုင်ရသွားမယ်လို့ယူဆထားတာကြောင့် လေဗာကူဆင်အသင်းကို ရွေးချယ်စေချင်ပါတယ်။

တစ်ကမ္ဘာလုံးရဲ့ ဘောလုံးပရိတ်သတ်တွေကလည်း ဘယ်အသင်းမှ လုပ်မပြနိုင်သေးတဲ့ စံချိန်တစ်ခုကို လေဗာကူဆင်အသင်း ရရှိသွားဖို့ အားပေးနေကြပြီး အလွန်ဆိုနဲ့ လေဗာကူဆင်ကစားသမားတွေ အကုန်လုံး ကျားကုတ် ကျားခဲ ကြိုးစားလာမဲ့ဖိုင်နယ်ပွဲမှာ လေဗာကူဆင်အသင်းကို ကျွန်တော်တို့ အားပေးလိုက်ကြရအောင်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *