October 21, 2024

၂၂.၅.၂၀၂၄.
Translated by Htwe Ko Tun

မက္ကဆီကိုနိုင်ငံတွင် အပူချိန်မြင့်တက်လာမှုကြောင့် တာဘာစကိုပြည်နယ်အတွင်း အရွယ်အလတ်စားရှိသော Howler မျောက်ကောင်ရေ အနည်းဆုံး ၁၃၈ ကောင်မှာ မေလ ၁၆ ရက်မှစ၍ သစ်ပင်များပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြကြောင်း ဇီဝမျိုးကွဲစောင့်ရှောက်ရေးအုပ်စုတစ်ခုဖြစ်သော Usumacinta က မေလ ၂၁ ရက်တွင်ပြောခဲ့သည်။ အခြားသော မျောက်များဆိုလျှင်လည်း အပူဒဏ်ကိုခံနိုင်ရန် ဒေသခံများက ကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။

ဒေါက်တာ ဆာဂျီအိုဗာလန်ဇွဲလားက “ဒီမျောက်တွေမှာ အတော်ဆိုးဝါးတဲ့အခြေအနေမျိုးကို ကြုံတွေ့နေရတယ်။ အပူရှိန်ကြောင့် သူတို့မှာ ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်ပြီး အဖျားတွေလည်းတက်လာတယ်။ သူတို့မှာ အားအင်ကုန်ခမ်းလာပြီး သွားတာတောင် ထော့နဲ့ထော့နဲ့ ဖြစ်လာတယ်။ ဒါတွေအားလုံးဟာ အပူလှိုင်းရိုက်ခတ်မှုကြောင့်ပဲ” ဟုပြောခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် အပူလှိုင်းရိုက်ခတ်မှုကြောင့် မတ်လမှစ၍ အနည်းဆုံး လူ ၂၆ ဦးလည်း သေဆုံးခဲ့ရပြီ ဖြစ်သည်။ နိုင်ငံ၏ သုံးပုံတစ်ပုံခန့်သောဒေသများတွင် မေလ ၂၁ ရက်အထိ အပူချိန်မှာ ၄၅ ဒီဂရီ ဆယ်လ်စီးယပ်စ်(၁၁၃ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်နေဆဲဖြစ်သည်။

တာဘာစကိုပြည်နယ်အတွင်း တီကိုလူတီလာမြို့တွင်ဆိုလျှင် မေလ ၁၇ ရက်မှစ၍ howler မျောက်များ သေဆုံးမှုကို တွေ့ရှိလာရခြင်းဖြစ်ကြောင်း သိရသည်။

ပုံမှန်အားဖြင့် howler မျောက်တို့မှာ ကြွက်သားတောင့်တင်းသန်မာကြပြီး သုံးပေ(၉၀ စင်တီမီတာ) အထိ အရပ်အမြင့်ရှိကာ ရှည်လျားသောအမြီးကို ပိုင်ဆိုင်ကြသည်။ အချို့သော မျောက်အထီးများဆိုလျှင် ပေါင် ၃၀ (၁၃ ဒသမ ၅ ကီလိုဂရမ်) ကျော်အလေးချိန်ရှိကြကာ အနှစ် ၂၀ ခန့်ထိ အသက်ရှည်နိုင်ကြသည်။ သို့သော် ယခုအခါတွင် အပူလှိုင်းရိုက်ခတ်မှုကြောင့် howler မျောက်တို့မှာ ပန်းသီးများအပင်ပေါ်မှကြွေကျသလိုပင် ပြုတ်ကျသေဆုံးခဲ့ကြရကြောင်း တောရိုင်းတိရစ၁္ဆန်ကာကွယ်ရေး ဇီဝဗေဒပညာရှင် ဂီလ်ဘာတို ပိုဇိုက ပြောခဲ့သည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *