October 23, 2024

၁၉. ၁၂.၂၀၂၂
Written By Myo Khine

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် (၁)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ဧရာဝတီဘဏ်ခွဲတွင် ယနေ့ နံနက်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဥ်တွင် ဓားတိုတစ်ချောင်းကိုင်ဆောင်ထားသူက ရန်ကုန်မြို့လယ်ရှိ ဧရာဝတီဘဏ်ဝင်လာပြီး သိန်း ၅၀၀ လိုနေသည့်အတွက် ပေးရန်တောင်းကာ ဘဏ်ဖွင့်ချိန် လုပ်ငန်းလည်ပတ်ရန် ရှိနေသည့် သိန်း ၁၀၀ လုယက်သွားသဖြင့် ဓားပြတိုက်မှုတွင် ငွေကျပ် သိန်းတစ်ရာ ဆုံးရှုံးခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ ဓားပြတိုက်သူကို သက်ဆိုင်ရာက စုံစမ်းနေကြပြီး ဖမ်းဆီးရမိနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

“မနက်က ဘဏ်မဖွင့်သေးတဲ့အချိန်။ ဒါပေမဲ့ ဝန်ထမ်းတွေ ရောက်နေပြီ။ အဲဒီအချိန်မှာ အမျိုးသားတစ်ယောက် ဝင်လာတယ်။ ဓားတိုတစ်ချောင်းပါတယ်။ သူက ကျွန်တော် ပိုက်ဆံ သိန်း ၅၀၀ လိုနေတယ်။ ဒါကြောင့် ပေးပါဆိုပြီး ဓားကို ပြပြီး ခြိမ်းခြောက်တောင်းတယ်။ ဒါကြောင့် ဘဏ်က သူတို့မှာလည်း ဘဏ်တောင်မဖွင့်ရသေးဘူး။ သိန်းတစ်ရာရှိတယ်ဆိုပြီးတော့ ကြောက်ကြောက်နဲ့ သိန်းတစ်ရာကို ပေးလိုက်တယ်တဲ့။ ဓားပြက သိန်းတစ်ရာကို ယူပြီးတော့ ထွက်ပြေးသွားတယ်လို့ ကနဦး စစ်ဆေးချက်အရ သိရပါတယ်”ဟု သက်ဆိုင်ရာ တာဝန်ရှိသူက MT News သို့ ပြောသည်။

လက်ရှိတွင် ဘဏ်အနီးအနားတပ်ဆင်ထားသော CCTV များကို စစ်ဆေးခြင်းများပြုလုပ်နေကြောင်း၊ ယင်းအပြင် Control ရုံးက တစ်ဆင့်လည်း စစ်ဆေးမှုများကို ပြုလုပ်နေကြောင်းလည်း သိရသည်။

“တချို့လမ်းတွေမှာက CCTV ပျက်နေကြတာလည်း ရှိတယ်။ ပတ်ဝန်းကျင်က ပြောပြတာက ဓားပြဟာ ကားတစ်စီးငှားပြီး အဲဒီကားနဲ့ ပြေးတယ်ဆိုလို့ Control ရုံးခန်းကလည်း ကြည့်တယ်။ အနီးအနားက CCTV မှတ်တမ်းတွေကိုလည်း ယူတာပေါ့”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ဓားပြတိုက်မှု ဖြစ်ပွားချိန်တွင် ဘဏ်အတွင်း အမျိုးသမီး ၁၀ ဦး၊အမျိုးသားတစ်ဦး ရှိနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *