October 20, 2024

ပုံစာ။ ခတ်ချိုကျေးရွာအတွင် လက်နက်ကြီးကျည်နှစ်ကြိမ်ကျ၍ သေဆုံးဒဏ်ရာသူများမြင်ကွင်း(Photo - CJ)

၂၂.၅.၂၀၂၄
Written by Zun

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးတွင် တပ်မတော်နှင့် KIA / PDF တို့အကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ခတ်ချိုကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာတွင် ဒဏ်ရာရသူများထဲမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂၀ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ ကွက်သစ်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲမှ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် မကေသွယ် (၁၈) နှစ်၊ ဦးကျော်ဦး (၅၆) နှစ်၊ ဒေါ်ပုလေး (၄၅) နှစ်၊ မသဇင်လင်း (၂၂) နှစ်၊ မောင်စိုးလင်းခန့် (၅) နှစ်နှင့် မောင်ဇွဲမာန်အောင် (၉) နှစ်တို့ ခြောက်ဦး လက်နက်ကြီး ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

ယင်းအပြင် ကိုဇော်မျိုးဝင်း (၂၈) နှစ်၊ ဒေါ်တင်မာ (၅၅) နှစ်၊ ကိုအောင်မင်းထွန်း (၂၅) နှစ်၊ မမိအဲ (၂၅) နှစ်၊ ဦးမောင်ဆင့် (၅၂) နှစ်၊ ဒေါ်မြင့်ဌေး (၅၂) နှစ်၊ မသဇင်သင်း (၂၅) နှစ်၊ မကျော့ကေခိုင် (၁၉) နှစ်၊ ဦးပိုက် (၇၂) နှစ်၊ မယမင်းရွှေစင် (၈) နှစ်နှင့် ဒေါ်ကေသီသိမ့် (၂၃) နှစ်တို့ ၁၁ ဦးတွင် လက်နက်ကြီးဗုံးသီးပေါက်ကွဲစထိ မှန်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံတွင် ဆေးကုသမှု ခံယူကြရခြင်း ဖြစ်သည်။

သေဆုံးခဲ့သည့် အသက် ၅ နှစ်အရွယ်သားငယ်မောင်စိုးလင်းခန့်၏ မိခင် မသဇင်သင်း (၂၅) နှစ်မှာ မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရခြင်း ဖြစ်သည်။

“မနေ့တစ်နေ့က လက်နက်ကြီးကျ​တာ။ သေတဲ့အထဲမှာ ကျွန်မတို့ ဆွေမျိုး သားအမိနှစ်ယောက်ပါတယ်။ သူ့သားလေးက ၅ နှစ်ပဲ ရှိသေးတယ်။ မောင်စိုးလင်းခန့်ဆိုတဲ့ကလေးက တစ်ခါတည်း ဆုံးတာ။ သူ့အမေက အသက် ၂၅ နှစ်ပဲ ရှိသေးတယ်။ မသဇင်သင်းလို့ ခေါ်တယ်။ သူက ဆေးရုံမှာ မနေ့က ဆုံးသွားပြီ။ ပြီးခဲ့တဲ့ညက တစ်ညလုံး ပစ်ခတ်နေကြတာ။ ကျွန်မတို့ အဖေနဲ့ အမေက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတယ်။ ကျွန်မတို့ မောင်နှမတွေက အိမ်အနီးတစ်နေရာမှာ ပုန်းနေကြရတာ။ ညဘက် လက်နက်ကြီးကျတာ။ ကျွန်မတို့အိမ်က တစ်ခြမ်းပဲ ကျန်နေတော့တယ်။ အိမ်က ပြီးခဲ့တဲ့ ၂ လလောက်ကမှ ဆောက်တာ”ဟု ခတ်ချိုရွာတွင် နေထိုင်သူ တစ်ဦးက MT News ကို ပြောသည်။

ယင်းအပြင် မေလ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကွက်သစ်၌ လက်နက်ကြီးကျည်ထိမှန်မှု ထပ်မံဖြစ်ပွားသောကြောင့် အမှတ်(၄) ရပ်ကွက်နေ အသက် ၄၁ နှစ်အရွယ် ဒေါ်ဒါမလီ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ထူဖူဆာ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်လာမဆီးတို့တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သောကြောင့် ဝိုင်းမော်ဆေးရုံသို့ တင်ထားရကြောင်းလည်း သိရသည်။ ယင်းဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ပေးခြင်းများကို ဒေသတွင်းရှိ တာဝန်ကျအသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“မနေ့က ဒဏ်ရာရတဲ့ ၃ ယောက်မှာ ဒေါ်ထူဖူဆာက ဒဏ်ရာ များတယ်။ ဆီးခုံမှာ ထိခိုက်ဒဏ်ရာရတာကြောင့် သူ့ကို မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးကို ဆက်ပြီး ပို့ဆောင်ထားပါတယ်”ဟု ဒေသတွင်း တာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြောပြသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုမှာ အပြန်အလှန်စွပ်စွဲနေသော်လည်း ကိုယ်တွေ့ကြုံရသူများကမူ မည်သည့် အဖွဲ့ကြောင့်ဟု ပြောဆိုရန် ခက်ခဲကြောင်း ပြောဆိုနေကြသည်။ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများမှာ တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့များနှင့် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ။ ခတ်ချိုကျေးရွာအတွင် လက်နက်ကြီးကျည်နှစ်ကြိမ်ကျ၍ သေဆုံးဒဏ်ရာသူများမြင်ကွင်း(Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *