October 20, 2024

၂၂. ၅. ၂၀၂၄
Written by Ye Kyaw

မိုးရာသီကာလအတွင်း ဥရောပခရီးစဉ်များ သွားရောက်မည်ဆိုပါက ကုန်ကျစရိတ်များသောကြောင့် မြန်မာခရီးသွားများက လက်ရှိတွင် တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်များကိုသာ အဓိကသွားရောက်လည်ပတ်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ပွင့်လင်းရာသီမှာ အလုပ်တွေကြောင့် တချို့မသွားနိုင်တဲ့ စီးပွားရေးသမားတွေ၊ မိသားစုတွေရှိပါတယ်။ သူတို့က များသောအားဖြင့် ဒီအချိန်ကို ရွေးပြီးတော့ ခရီးသွားလေ့ရှိတယ်။ သီတင်းကျွတ်မှာဆို ပွင့်လင်းရာသီဖြစ်သွားပေမဲ့ တစ်ဖက်မှာက သီးနှံတွေပြန်ပေါ်တဲ့အချိန် အရောင်းအဝယ်တွေရှိတော့ မသွားနိုင်ဘူး။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆိုလည်း လုပ်ငန်းတွေက မိုးတွင်းမှာ ထိုက်သင့်သလောက် လျော့သွားတယ်။ သူတို့တွေက မိုးတွင်းကိုရှောင်နိုင်တဲ့ မိုးမရွာတဲ့ဒေသတွေ ဗီယက်နမ်ခရီးစဉ်တို့၊ တရုတ်နိုင်ငံလို ခရီးစဉ်တွေ အရမ်းလည်းမအေးဘူး။ နွေဖြစ်သွားတော့ ဒီအချိန်ကနေလို့ကောင်းတယ်။ အဲဒီနိုင်ငံတွေကို သွားလေ့ရှိပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

လာမည့် ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ဥရောပနိုင်ငံများ၏ နွေရာသီကျောင်းပိတ်ဖြစ်ပြီး မိသားစုလိုက် ခရီးထွက်လေ့ရှိသည့် ရာသီချိန်ဖြစ်သည်။ ထို့ကြောင့် ‌ဥရောပခရီးစဉ်များနှင့် ဥရောပသားများ အများအပြားလာလေ့ရှိသည့် ထိုင်းနိုင်ငံခရီးစဉ်များသည် လက်ရှိအချိန်တွင် ကုန်ကျစရိတ် ယခင်ထက်များကြောင်း သိရသည်။

“ဥရောပကိုသွားရင် ဒီအချိန်မှာ ဈေးကြီးတယ်။ သူတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်ဖြစ်နေတော့ လေယာဉ်ခ၊ ဟိုတယ်ခတွေရော ဈေးအရမ်းကြီးတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းခရီးစဉ်ဆိုလို့ရှိရင် ဇူလိုင်၊ ဩဂုတ်မှာ ကျွန်တော်တို့ဆီမှာ မိုးရွာပေမဲ့ သူတို့ဆီမှာ မိုးမရွာဘူး။ ခရီးသည်တွေလည်းများတယ်။ ပွင့်လင်းရာသီ နေလို့ကောင်းတယ်။ အဲဒါကြောင့် ဗီယက်နမ်တို့၊ အင်ဒိုနီးရှားတို့ကို သွားလေ့ရှိပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ယခုကဲ့သို့ ပြည်ပခရီးစဉ်အချို့ ဈေးနှုန်းမြင့်တက်နေသည့် မိုးရာသီကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်စေရန်အတွက် မန္တလေး၊ ပုဂံ စသည့် မိုးရွာသွန်းမှုနည်းသော နေရာများကို ပုံမှန်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ သက်သာသည့် Green Season Promotion များဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Photo- Vietnam Tours Expert ၊ Astoria Tours

Leave a Reply

Your email address will not be published. Required fields are marked *