October 20, 2024

၂၂.၅.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်၊ မယ်အိုင်ခရိုင်အတွင်း မြန်မာနိုင်ငံနယ်စပ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မသင်္ကာဖွယ်ကားတစ်စီးနောက်သို့ လိုက်လံဖမ်းဆီးရာမှ မယ်သာဖက်တမင်း မူးယစ်ဆေးဝါး လေးသန်းခန့်နှင့် ထွက်ပြေးရန်ကြိုးစားခဲ့သော မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာသူတစ်ဦးကိုပါ ဖမ်းမိခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်သူများက မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးများကို ခိုးသွင်းရန်အစီအစဉ်ရှိကြောင်းသတင်းအရ တပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်ညတွင် ဖန်ခရိုင်၊ မုန်းပင်ခရိုင်ခွဲအတွင်း လမ်းမတစ်ခု၏စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့က ည ၈ နာရီမိနစ် ၄၀ တွင် ချင်းမိုင်မြို့ကားမှတ်ပုံတင်ကတ်ပြားချိတ်ဆွဲထားသော ပစ်ကပ်ကုန်တင်ကားတစ်စီးအားရပ်တန့်ရန် အချက်ပြခဲ့ကြသော်လည်း ယာဉ်မောင်းက အရှိန်မြှင့်ကာ မယ်အိုင်ခရိုင်ဘက်သို့ မောင်းပြေးခဲ့သဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသ၏ မူးယစ်ဆေးဝါးနှင့်ဓာတုဗေဒဒြပ်ပေါင်းများ ထိန်းချုပ်ရေးတပ်ဖွဲ့ဝင်များက ထွက်ပြေးသောကား ၏နောက်သို့ ခြေရာခံလိုက်လံဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

ည ၁၁ နာရီခွဲခန့်တွင်မူ အဝေးပြေးလမ်းမ ၁၀၈၉ ပေါ်ရှိ မယ်အိုင်ခရိုင်အတွင်း ကာဗီလာရွာအနီးတွင် တပ်ဖွဲ့ဝင်များက ပစ်ကပ်ကားအား ကြားဖြတ်ဟန့်တား၍ရပ်တန့်စေနိုင်ခဲ့ကြောင်း ထိုတပ်ဖွဲ့၏တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး နာရစ်သာဝင်ဝန်ကပြောခဲ့သည်။

ယာဉ်မောင်းဖြစ်သူ အသက် ၄၀ နှစ်ရှိ ဂျာကာဂျာအိုမှာ ချင်းမိုင်ပြည်နယ်၊ ချိုင်ပရာခန်ခရိုင်အတွင်း နေထိုင်သူဖြစ်ပြီး ပစ်ကပ်ကားအတွင်း မယ်သာဖက်တမင်းဆေးပြားလေးသန်းခန့်ကို အထုပ် ၂၀ အတွင်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရားခံအား ဥပဒေကြောင်းအရအရေးယူသွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေကြောင်းလည်းသိရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *