October 20, 2024

၂၂. ၅. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ကုန်သွယ်လျာထားချက် တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏ လျော့ကျခဲ့၍ ယခုဘဏ္ဍာနှစ် တစ်လကျော်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ‌ဒေါ်လာသန်း ၂၂၀ ကျော်ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၁၀ ရက်အထိ တစ်လကျော်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၉၄ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် ၂၂၂ ဒသမ ၂၀၁ သန်းလျော့ကျခဲ့သည်။ ယင်းကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၃၉ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှု ပုံမှန်မဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်နှစ်ကာတူထက် ဒေါ်လာ ၂၆၁ ဒသမ ၄၈၇ သန်းထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဘီလျံခွဲ မျှော်မှန်းခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ကျော်လွန်ရရှိခဲ့၍ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၃၂ ဘီလျံခွဲအထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ သို့သော် နယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့၍ နယ်စပ်ကုန်သွယ်မှု ပုံမှန်မဆောင်ရွက်နိုင်ခဲ့၍ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ကုန်သွယ်မှုလျာထားချက် မပြည့်မီခဲ့ဘဲ ဒေါ်လာ ၂ ဘီလျံခွဲ လျော့ကျခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လျာထားချက်ထက် တိုးမြှင့်သတ်မှတ်ကာ ဒေါ်လာ ၃၃ ဘီလျံအထိ ရရှိရန်မျှော်မှန်းထားခြင်းဖြစ်သည်။ လက်ရှိတွင်လည်း နယ်စပ်ကုန်သွယ်မှုများ ဆက်လက်လျော့ကျနေ၍ ကုန်သွယ်မှုဆောင်ရွက်နိုင်မှုသည် ယခင်နှစ်ကာလတူထက် လျော့ကျနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်နှင့် စက်မှုကုန်ချောပစ္စည်းတို့ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပြည်ပမှ သွင်းကုန်တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုကုန်ကြမ်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်၊ CMP ကုန်ကြမ်းတို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *