October 20, 2024

◾ ခရီးသည်တစ်ဦးသေဆုံးပြီး ဆေးရုံတွင် ကုသနေရသူ ၇၁ ဦးအထိရှိနေ

၂၂.၅.၂၀၂၄
Translated by Htwe Ko Tun

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှ စင်ကာပူသို့ပျံသန်းလာစဉ် မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်အထက် ဝေဟင်၌ လေပြင်းဝဲဂယက်တစ်ခုတိုက်ခတ်မှုနှင့် မေလ ၂၁ ရက် မွန်းလွဲပိုင်းက ကြုံတွေ့ခဲ့ရသဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသော စင်ကာပူလေကြောင်းလိုင်းလေယာဉ်မှ ခရီးသည်အချို့အား မေလ ၂၂ ရက်နံနက်တွင် ကယ်ဆယ်ရေး လေယာဉ်တစ်စီးဖြင့် စင်ကာပူသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘိုးရင်း 777- 300 ER လေယာဉ်ပေါ်၌ ခရီးသည် ၂၁၁ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၈ ဦးလိုက်ပါလာကြကာ စင်ကာပူသို့ ဦးတည်ပျံသန်းလာစဉ် မမျှော်လင့်ဘဲ လေပြင်းဝဲဂယက်နှင့် ကြုံရကာ လေယာဉ်မှူးက ဘန်ကောက်မြို့သို့ လမ်းကြောင်းပြောင်းပျံသန်း၍ အရေးပေါ်ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်များအနက် အသက် ၇၃ နှစ်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦးမှာ နှလုံးရောဂါဖြင့်သေဆုံးခဲ့ရပြီး အနည်းဆုံး ၃၀ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

မေလ ၂၂ ရက်တွင်မူ စင်ကာပူလေကြောင်းမှ ကယ်ဆယ်ရေးလေယာဉ်က ခရီးသည် ၁၃၁ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦးတို့ကို ဒေသစံတော်ချိန် နံနက် ၅ နာရီမထိုးခင်၌ပင် တင်ဆောင်ကာ ဘန်ကောက်မှ စင်ကာပူသို့ပို့ပေးခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရခရီးသည်များနှင့် ၎င်းတို့၏မိသားစုများကမူ ဘန်ကောက်မြို့၌ပင် နေခဲ့ကြကြောင်း သတင်းများကဆိုသည်။ မူလလေယာဉ်တွင်လိုက်ပါလာသည့် ခရီးသည်များ၌ ဗြိတိန်၊ သြစတြေးလျနှင့် စင်ကာပူနိုင်ငံသားအများအပြားနှင့် မြန်မာနိုင်ငံသားနှစ်ဦး လိုက်ပါလာကြောင်းလည်း လေကြောင်းလိုင်းက ပြောခဲ့သည်။

အသက် ၂၈ နှစ်အရွယ် အက်ဇ်မားအမည်ရှိခရီးသည်တစ်ဦးက “ရုတ်တရက် လေပြင်းတိုက်ခတ်မှုနဲ့အတူ ခရီးသည်တွေ လူသွားလမ်း ဟိုဘက်သည်ဘက်တိုက်မိကုန်ကြတယ်။ တချို့ဆိုရင် လေယာဉ်ရဲ့ မျက်နှာကြက်ပိုင်းနဲ့ပြေးဆောင့်ပြီး ပုံပျက် ပန်းပျက် အောက်ကိုပြန်ကျကြတယ်။ သူတို့တွေရဲ့ခေါင်းတွေမှာ ဟက်တက်ကွဲဒဏ်ရာတွေရကုန်ကြတယ်” ဟု မေလ ၂၂ ရက် နံနက် စင်ကာပူလေဆိပ်သို့အရောက်၌ ပြောခဲ့သည်။

လေယာဉ်အတွင်းပိုင်းတွင်လည်း ထိုင်ခုံများအထက် ပစ္စည်းထားရန်အခန်းလေးများ၊ အောက်ဆီဂျင်မျက်နှာဖုံးများ၊ ခရီး သည်တို့၏ ပစ္စည်းများနှင့် လေယာဉ်ပေါ်ပါပစ္စည်းများအားလုံး ပြန့်ကျဲ၍နေသည်ကို ဓာတ်ပုံများတွင်တွေ့ကြရသည်။

လေကြောင်းလိုင်းက ထိုဖြစ်ရပ်တွင် ဒဏ်ရာရခရီးသည် အနည်းဆုံး ၃၀ ဦးခန့်ရှိမည်ဟုဆိုသော်လည်း ဘန်ကောက်မြို့ ဆမ်မီတဝှေ့ချ်ဆေးရုံက ခရီးသည် ၇၁ ဦးကို လက်ခံကုသပေးနေရကြောင်းပြောခဲ့သည်။

Ref- SCMP

Leave a Reply

Your email address will not be published. Required fields are marked *