၂၂.၅.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြား ဆွပ်ပလောင်း တောင်ပေါ်တွင် မေလ ၂၀ ရက် နံနက်ပိုင်းက လင်မယား ၂ ဦးမောင်းနှင်လိုက်ပါလာသော ကား ၁ စီးမှာ ပေ ၁၀၀ ကျော်နက်သော ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့ရာ အမျိုးသမီးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ စိုင်းယီ (၂၉ နှစ်)၊ နန်းနွန်း (၂၄ နှစ်)လင်မယား ၂ ဦး မောင်းနှင်လာပြီး အသားနှင့် သစ်သီးများ တင်ဆောင်လာသော Hijet အမျိုးအစား မော်တော်ယာဥ်မှာ တာချီလိတ်မြို့နယ်မှ မိုင်းယန်းမြို့နယ်၊ ဖာပုံကျေးရွာ သို့အပြန်တွင် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ချောက်ထဲသို့ ထိုးကျသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ကားပေါ်မှာ လင်မယား ၂ ယောက်ပဲ ပါတာ။ အသက် ၂၄ နှစ် အမျိုးသမီးကတော့ နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသားကတော့ ဘာမှမဖြစ်ဘူး “ဟု ကယ်ဆယ်ရေးဆောင်ရွက်သူ တစ်ဦးက ပြောသည်။
ချောက်ထဲကျနေသော အမျိုးသမီးနှင့် အမျိုးသားကို သင်္ဂဟလူမှုကူညီရေးအသင်းမှ အသင်းဝင် ၃ ဦးနှင့် မြို့နယ်လူမှုကူညီရေးအသင်းမှ အသင်းဝင် ၄ ဦးဖြင့် ပူးပေါင်းကာ ၁ နာရီကြာကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရကြောင်း သင်္ဂဟလူမှုကူညီရေးအသင်းထံမှ သိရသည်။
သေဆုံးခဲ့သော အမျိုးသမီး၏ ရုပ်အလောင်းကို မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။