၁၉. ၁၂. ၂၀၂၂
Written by Naing Thuta
ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တံတားဦးမြို့၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာတွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၆ နာရီ၊ ၃၄ မိနစ်၊ ၁၉ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက် တောင်ဘက် ၁၇ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့၏ အရှေ့-အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၇၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၆ ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့သည်ဟု မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါငလျင်ကို တံတားဦးမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူအချို့သာ ခံစားခဲ့ကြရကြောင်း သိရှိရပြီး လေးရက်သာကာလအတွင်း လှုပ်ခတ်သွားသောငလျင်များသည် ဒီဇင်ဘာ ၁၅ ရက်နေ့က ၂ ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့က ၃ ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့က တစ်ကြိမ်၊ ယနေ့နံနက်က လှုပ်ခတ်သွားသောတစ်ကြိမ်ပါဆိုလျှင် ၇ ကြိမ်အထိ လှုပ်ခတ်သွားကြောင်း သိရသည်။
ထိုငလျင်လှုပ်ခတ်မှုများထဲမှ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၃ နာရီကျော်က လှုပ်ခတ်ခဲ့သောငလျင်တစ်ခုနှင့် ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၂ နာရီခွဲခန့် လှုပ်ခတ်သွားသောငလျင်တစ်ခုတို့ကြောင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်ရှိမြို့များမှ ပြည်သူများ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး ဘုရားစေတီပုထိုးတော်တော်များများနှင့် အခြားသောထိခိုက်ပျက်စီးမှုများလည် းရှိခဲ့ကြောင်း သိရသည်။