၂၁.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာ ခရေပင်လမ်းမဘေးရှိ Tharr Shine ရေသန့်ရေခဲစက်ရုံတွင် မေလ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ရေသန့်ရေခဲစက်ရုံ၏ အလျား ပေ ၄၀၊ အနံပေ ၆၀ ရှိ Steel Structure ၁ ထပ် သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံတွင် အမိုးနီးယားကန်မှ အခဲကန်သို့ သွယ်တန်းထားသော ပိုက်လိုင်းမှ ဘားအားလဲလှယ်စဥ် ပိတ်ထားသော အခဲကန်ဘက်ခြမ်းမှ ဘားမလုံ၍ အခဲကန်အတွင်းရှိ လက်ကျန် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၆ စီး၊ Luf -60 ယာဥ် ၁ စီး၊ အထောက် အကူပြုယာဥ် ၁ စီး၊ လူနာတင်ယာဥ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်ဖြင့် အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကို ထိန်းချုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ယိုစိမ့်နေတဲ့ အမိုးနီးယားတွေ ပတ်ဝန်းကျင်ကို မပျံ့နှံ့အောင် အမြန်ဆုံးလုပ်ဆောင်ခဲ့ပါတယ်။ လူ၊ တိရစ္ဆာန်ရော၊ အဆောက်အအုံတွေရော ပျက်စီးဆုံးရှုံးမှု မရှိပါဘူး”ဟု အမိုးနီးယားယိုစိမ့်မှု ထိန်းချုပ်ရေးကို သွားရောက်ကူညီ ဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်များက အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကို အအေးပေးခြင်း၊ ရှင်းလင်းခြင်း၊ ဘားပိတ်ခြင်းများကို မိနစ် ၄၀ ကြာ လုပ်ဆောင်ခဲ့ရသည်။
အမိုးနီးယားဓာတ်ငွေ့ကို အချိန်ကြာကြာရှုရှိုက်မိခြင်း၊ မြိုချခြင်း၊ အသားနှင့် ထိတွေ့ပါက မျက်စိ၊ နှာခေါင်း၊ လည်ချောင်းများ ပူစပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားစပ်ခြင်း၊ မူးမေ့လဲခြင်းများ ဖြစ်ပွားတတ်ပြီး ပမာဏများစွာဖြင့် အချိန်ကြာကြာ ထိတွေ့ပါက အမြင်အာရုံ ထိခိုက်ခြင်း၊ အဆုတ်ပျက်စီးခြင်းနှင့် သေဆုံးသည်အထိ ဖြစ်ပွားတတ်သည်။