၂၁. ၅. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင်ကမ်းရိုးတမ်းကို ပိုင်ဆိုင်ထားသကဲ့သို့ ပထဝီအနေအထားအရလည်း အချက်အချာကြသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို့၏ ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင်စွာ စိုးမိုးထားနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှသာ ကာကွယ်ရေးစွမ်းအား အပြည့်အဝရရှိခြင်းနှင့်အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယခုသင်တန်းတွင် တွေ့ဆုံခဲ့ရသည့် တိုင်းရင်းသားညီနောင်အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး နောင်တစ်ချိန်တွင် ဝိုင်းဝန်းဆောင်ရွက်ကြရမည့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း တာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန် SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်တာအတွင်း၌ သိသင့်သိထိုက်သည့် ရေကြောင်း၊ လေကြောင်း ပညာရပ်များအပြင် အခြေခံစစ်ပညာဖြစ်သည့် စစ်ရေးပြဘာသာရပ်များကိုပါ လေ့ကျင့်သင်ကြားခဲ့ကြပြီးဖြစ်ကြောင်း၊ စစ်ရေးပြဘာသာရပ်သည် အမိန့်နာခံတတ်ခြင်း၊ စည်းကမ်းကောင်းခြင်းနှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်ခြင်းတို့ကို ဖြစ်ပေါ်စေခြင်းကြောင့် ယခုကဲ့သို့ သင်တန်းများတွင် ထည့်သွင်းသင်ကြားပေးရခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းအသီးသီး စတင်ဖွင့်လှစ်သင်ကြားပေးချိန်မှ ယနေ့ကာလတိုင်အောင် တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်သင်တန်းတက်ရောက်သူ အရေအတွက် တိုးတက်လာသည်ကို တွေ့ရခြင်းကြောင့် မျိုးဆက်သစ်မောင်မယ်တို့၏ စိတ်ပါဝင်စားမှုအပေါ် များစွာဂုဏ်ယူမိကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။