၂၁. ၅. ၂၀၂၄
Written by Nyein Kyaw
အငြိမ်းစားကျောင်းဆရာကြီးနှင့်ဆရာမကြီး ဇနီးမောင်နှံနှစ်ဦးလုံး နေအိမ်တွင် အသတ်ခံခဲ့ရသည့် ရေစကြိုမြို့နယ်တွင် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ပညာရေးဝန်ထမ်းများအတွက် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားထားသည်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် အငြိမ်းစားကျောင်းဆရာကြီးနှင့်ဆရာမကြီး ဇနီးမောင်နှံနှစ်ဦးလုံး နေအိမ်တွင် အသတ်ခံခဲ့ရမှုဖြစ်စဉ် မှန်ကန်မှုရှိမရှိနှင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပညာရေးဝန်ထမ်းများ၏လုံခြုံရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ငါးရာပြည့်ရပ်ကွက်တွင် နေထိုင်သည့် ဦးအောင်ခင် (မြို့နယ်ပညာရေးမှူး-ငြိမ်း)နှင့် ဇနီး ဒေါ်ကြည်တင့် (အလပြ-ငြိမ်း) တို့ နှစ်ဦးအား မေလ ၁၈ ရက်တွင် အကြမ်းဖက်သမားများက နေအိမ်အတွင်း ဝင်ရောက်၍ ဓားဖြင့်ခုတ်သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရပြီး လုံခြုံရေးအဖွဲ့များက စုံစမ်းစိစစ်မှုများ ဆောင်လျက်ရှိကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။
ထို့အတူ ရေစကြိုမြို့ပေါ်နှင့် မြို့အနီးကျေးရွာများရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပညာရေးဝန်ထမ်းများ လုံခြုံရေးအတွက် မြို့နယ်စီမံနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လုံခြုံရေးအရ မဖွင့်လှစ်နိုင်သေးသော ကျောင်းများမှ ပညာရေးဝန်ထမ်းများအား တိုင်းဒေသကြီး ပညာရေးမှူးအစီအစဉ်ဖြင့် မြို့နယ်တွင်း၊ မြို့နယ်ခြားကျောင်းများသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်စေခဲ့ပြီး နယ်မြေဒေသအခြေအနေအရ ဖွင့်လှစ်နိုင်မှုမရှိသည့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဖွင့်လှစ်သည့်ကျောင်းများသို့ တက်ရောက်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ထားပါကြောင်း ဖြေကြားခဲ့သည်။