October 18, 2024

၁၉ . ၁၂ .၂၀၂၂
Written By Naddy

အနုပညာအလုပ်နဲ့ ၈ နှစ်လောက် ‌ဝေးကွာနေတဲ့ သရုပ်ဆောင် အင်းကြင်းက အနုပညာလောကကို ချစ်ပေမယ့် Tom boy ဆိုရင် ပတ်ဝန်းကျင်က လက်မခံတာကြုံရတဲ့ဒဏ်မခံနိုင်လို့ အနုပညာအလုပ်နဲ့ ဝေးသွားရတယ်လို့ ဖွင့်ဟလာပါတယ်။

“ကျွန်တော်တို့ခေတ်က Tom boy ပုံစံ ဇာတ်ကားတစ်ကားရိုက်တယ်ဆိုရင် နောက်ဆုံးဇာတ်ပိုင်းမှာ ပြန်ဖြည့်နေရတယ်။ မပါမဖြစ် အဲဒီဇာတ်ဝင်ခန်းက ပါကိုပါနေရတယ်။ ဘယ်လောက်ပဲ ရိုက်ခဲ့ရိုက်ခဲ့ နောက်ဆုံး မိန်းကလေးပုံစံ ပြန်ဖြည့်ရတာ ကြုံရတယ်။ အမှန်အတိုင်းပြောရင် တော်တော်လေး မွန်းကြပ်ရပါတယ်။ အရမ်း အနုပညာလောကကို ချစ်ပေမယ့် Tom boy ဆိုရင် ပတ်ဝန်းကျင်က လက်မခံတာလည်း ကြုံရတယ်။ အဲဒီဒဏ်တွေ မခံနိုင်လို့ အနုပညာအလုပ်တွေနဲ့ ဝေးသွားတာပါ။ ခုခေတ်မှာ အရမ်းအဆင်ပြေပါတယ်” လို့ သရုပ်ဆောင် အင်ကြင်းက ပြောပါတယ်။

အဒေါ်ဖြစ်တဲ့ ဒေါ်ထားကြောင့် အနုပညာလောကထဲ ရောက်ရှိခဲ့သူဖြစ်ပြီး ခေတ်ကာလအပြောင်းအလဲအရ သရုပ်ဆောင်သင်တန်းတွေ ပေါ်ပေါက်လာတာကို သဘောကျနေသလို လက်ရှိ ခေတ်ကာလမှာ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေမှာ LGBT အသားပေး ရိုက်ကူးလာတဲ့အပေါ်  စိတ်ကျေနပ်ရှိတယ်လို့ ဆိုပါတယ်။

“အနုပညာပိုးကတော့ အခုချိန်ထိ မသေသွားပါဘူး။ အမှန်ပါပဲ။ ခေတ်ကာလတွေ မတူကြတော့ဘူး။ အခု ခေတ်နဲ့ ကျွန်တော်တို့ Tom boy ခေတ်မတူဘူး။ ကိုယ်က အရင်လိုပုံစံ ဒီလိုကာရိုက်တာပေါ့။ အမြဲတမ်း ရုပ်ရှင်လောကမှာ အဆင်မပြေဘူး။ ကိုယ် ဒီပုံနဲ့ အမြဲဆက်သွားလို့ အဆင်မပြေခဲ့ဘူး။ ကိုယ့်ရဲ့ လက်ရှိပုံစံကို မပြင်နိုင်တာကြောင့် အနုပညာအလှမ်းဝေးသွားတယ်၊ လက်ရှိ MRTV_4 ရုပ်သံလိုင်းမှာ ဝင်အလုပ်လုပ်နေတယ်။ အခွင့်အရေးရရင်တော့ ပြန်ဝင်ရိုက်သွားမှာပါ။ တကယ်တော့ ကိုယ့်တွေ ဒီပုံစံဖြစ်နေလို ဘယ်သူကိုမှ ထိခိုက်နေတာလဲ မဟုတ်ပါဘူး။ ဘယ်သူမှ ဒုက္ခပေးတာမဟုတ်ပါဘူး”လို့ သူက ဆက်ပြောပါတယ်။

အင်ကြင်းဟာ မင်းမော်ကွန်းတို့နဲ့အတူ “အပျိုလိုချင်ခေါင်းညိတ်”၊ နေတိုး ၊ မိုးမိုး ၊ မိုး‌‌ဟေကိုတို့နဲ့အတူ “ဘာညာ အထာ” ဇာတ်ကား စတာတွေ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *