၂၁. ၅. ၂၀၂၄
Written by Nyein Kyaw
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် မြန်မာ-တရုတ်အစိုးရများအကြား ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၂၄) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) မှ ထုတ်ပြန်ထားသည်။
အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် အမြဲတမ်းအတွင်းဝန် (ပြန်ကြားရေးဝန်ကြီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး စသည်ဖြင့် အဖွဲ့ဝင် ၉ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့အနေဖြင့် SPIC Yunnan International Power Investment Co., Ltd (SPICYN) ၏ ဦးဆောင်မှုနှင့်အတူ ပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်သွားရမည်ဖြစ်သည်။
SPICYN ၏ ဦးဆောင်အဖွဲ့နှင့်အတူ ပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရန်၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားပို့လွှတ်နေသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းနေခြင်းတို့ကြောင့် လက်ရှိတွင် တစ်ရက်ပျှမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။