၁၉. ၁၂. ၂၀၂၂
Written by Ye Kyaw
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၁၅ ကျပ် သတ်မှတ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပြီး နှစ်လအတွင်း စားအုန်းဆီအခြေခံဈေးနှုန်း ကျပ် ၄၅၀ ကျော် တိုးမြှင့်သတ်မှတ်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်တွင် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ၃၉၆၀ ကျပ်သာ သတ်မှတ်ခဲ့ရာမှ နှစ်လအတွင်း အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအား တစ်ပိဿာလျှင် ၄၅၅ ကျပ်အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ပြည်တွင်း လက်လီဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်မှ ၆၀၀၀ ကျပ်အကြား ရှိကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်တွင် ပြင်ပပေါက်ဈေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၉၀၀၀ ကျော်အထိ မြင့်တက်ခဲ့မှုများလည်း ရှိခဲ့ကြောင်း စားအုန်းဆီရောင်းချသူများထံမှ သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီမှအသိပေးထုတ်ပြန်ထားသည်။