◾ မုန်တိုင်းဖြတ်ကျော်မယ့် ညာဘက်ခြမ်းမှာရောက်ရှိနေလို့ မုန်တိုင်းအရှိန်သက်ရောက်မှုသာခံစားရနိုင်
၂၁.၅.၂၀၂၄
Written by Hey Mar
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ နောက် (၂၄) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ကနဦးမှာ အရှေ့မြောက်ဘက်ဆီ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေလ ၂၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာမုန်တိုင်းငယ် (Depression)အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မေလ ၂၁ ရက်နေ့ နေ့လယ် ၁နာရီ မိနစ်၃၀ အချိန် တိုင်းထွာရရှိချက်ကို ထုတ်ပြန်ကြေညာထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေဝင်ရောက် လာနိုင်ခြင်းကြောင့်လည်းကောင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာတွေမှာ ဒေသအလိုက် နေရာကွက် မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်း မေလ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲအချိန်ကထုတ်ပြန်တဲ့ ထိုင်းမိုးလေဝသဌာန(TMD)ရဲ့Weather Chart အရ ဘင်္ဂလားပင်လယ် အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေတယ်လို့ တွေ့ရကြောင်း၊ အဲ့ဒီ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းပင်လယ်ပြင်မှာ မေလ ၂၂ ရက်ညအထိ ဆက်လက်ရွေ့လျားနေမှာဖြစ်သလို မေလ ၂၃ ရက် ညပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းဆီရောက်ရှိ ရွေ့လျားလာနိုင်ကာ မေလ ၂၄ ရက် ညပိုင်းမှာ ပုသိမ်မြို့အနောက်ဘက် မေလ ၂၅ ရက် ည ၈ နာရီခန့်မှာ စစ်တွေမြို့အနောက်ဘက်ဆီ ရောက်ရှိလာနိုင်ပြီး မြောက်ဘက်ကိုဆက်လက်ဦးတည်ရွေ့လျားနိုင်တယ်လို့ အသိပေးထားပါတယ် ။
“လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ ရောက်ရှိလာနိုင်ပါတယ်။ မေလ ၂၆ ရက် ညနေပိုင်းကနေ စတင်ပြီး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဆီ Kalapara မြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။ မုန်တိုင်းက ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်သွားသည့်တိုင်အောင် မြန်မာနိုင်ငံဘက်ကိုတော့ ရောက်လာနိုင်ဖွယ်မရှိပေမယ့်၊ မုန်တိုင်းဖြတ်သန်းရွေ့လျားမယ့်လမ်းကြောင်း ညာဘက်ခြမ်းမှာ မြန်မာနိုင်ငံက တည်ရှိနေတဲ့အတွက် မုန်တိုင်းအရှိန်သက်ရောက်မှုတော့ရှိမယ်။ ကမ်းရိုးတန်းဒေသတွေနဲ့ ကုန်းတွင်းပိုင်းဒေသအများစုမှာ လေပြင်းတိုက်ခတ်တာ၊မိုးသည်း ထန်တာတွေကို မေလ ၂၃ ရက်နေ့ကနေ မုန်တိုင်းကုန်းတွင်းဝင်ချိန်(မေလ ၂၆ ရက် ညပိုင်းအထိ)ခံစားရနိုင်တယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင် မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ နေ့လည် ၂ နာရီ မိနစ် ၄၀ အချိန်က ထုတ်ပြန်ကြေညာထားပါတယ်။